CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅

ဖက်ဒရယ်ဆိုင်ရာ အာဏာခွဲဝေ ကျင့်သုံးမှုနှင့်ပတ်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေပုဒ်မများအနက်မှ ပြင်ဆင်သင့် ပြင်ဆင်ထိုက်သော အချက်များ အပါအဝင် ဇယား (၁/၂/၃/၅)ပါ အချက်များကို ဆွေးနွေးသွားရန်ရှိကြောင်း နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် ရောက်ရှိသော ဒုတပ်ချုပ်က ဇွန်လ ၁၄ ရက်နေ့မှာ ကျောက်ဖြူတပ်နယ်၊ အမ်းတပ်နယ်၊ ဓညဝတီ ရေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်များဖြင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်အကြီးအကဲသည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ကိုယ်တိုင်တွေ့ဆုံ၍ ပြည်သူ့တစ်ရပ်လုံးက လိုလားတောင့်တခဲ့သည့် ပါတီစုံဒီမိုကရေစီစနစ်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေး စသည့် အခြေခံ ၂ ချက်ဖြင့် ဦးတည် ဆွေးနွေးခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

၎င်းက “ဖက်ဒရယ်ဆိုင်ရာ အာဏာခွဲဝေကျင့်သုံးမှုနှင့်ပတ်သက်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေပုဒ်များ အနက်မှ ပြင်ဆင်သင့် ပြင်ဆင်ထိုက်သော အချက်များ၊ ဇယား (၁/၂/၃/၅)ပါ အချက်များကိုလည်း ဆက်လက် ဆွေးနွေး သွားရန် ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကောင်းမွန် တိုးတက်ရန်မှာ တည်ငြိမ်မှုရှိရန် အရေးကြီးပြီး တည်ငြိမ်မှု ရှိစေရန်မှာ ငြိမ်းချမ်းရေးသည် မရှိမဖြစ် လိုအပ်ကြောင်း၊ သို့ဖြစ်ပါ၍လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးကို ဖိတ်ခေါ်ထားပြီး ငြိမ်းချမ်းရေး တံခါးကို ဖွင့်လှစ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ဆက်လက်၍လည်း ဖိတ်ခေါ်ထားပါတယ်”ဟု ပြောသည်။

NSPNC နဲ့ UPDJC နိုင်ငံရေးအစုအဖွဲ့ တွေ့ဆုံ ဆွေးနွေးစဉ်

လက်ရှိတွင် နစက၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုညှိနှိုင်းရေးကော်မတီ(NSPNC) နှင့် ပြည် ထောင်စုငြိမ်းချမ်းရေးဆွေးနွေးရေးဆိုင်ရာ ပူးတွဲကော်မတီ(UPDJC)၏ နိုင်ငံရေးအစုအဖွဲ့များ တွေ့ဆုံကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၂၆၁ အပါအဝင် တပ်မတော်၏ အခန်းကဏ္ဍများ ပြင်ဆင်ရေး ဆွေးနွေးမှုများ ရှိနေသည်။

အလားတူ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဧပြီ ၂၂ ရက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ မှ ခေါင်းဆောင်များဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ထားမှုကြောင့် မေလ ၂၀ ရက်မှ ဇွန်လ ၁၅ ရက်အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့်လည်းကောင်း၊ မွန်ပြည်သစ်ပါတီ (NMSP) ဒုဥက္ကဋ္ဌ နိုင်အောင်မင်းနှင့်လည်းကောင်း၊ ကရင် အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)ဥက္ကဋ္ဌ ဦးစောထော့လေးနှင့်လည်းကောင်း၊ “ဝ”ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)ဒုဥက္ကဋ္ဌ ဦးလော့ယာကုနှင့် လည်းကောင်း၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA)ဒုဥက္ကဋ္ဌ ဦးစံပေ့နှင့်လည်းကောင်း၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ(ALP)ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းနှင့် လည်း ကောင်း တွေ့ဆုံ ဆွေးနွေးထားပြီး ဖြစ်သည်။

ကျန် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ဒီမိုကရေစီ အကျိုး ပြု ကရင်တပ်မတော်(DKBA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့လည်း လာရောက် ဆွေးနွေးမည် ဖြစ်သည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄ ရက်က NSPNC နဲ့ ဒေါ်စောမြရာဇာလင်း ဦးဆောင်တဲ့အဖွဲ့ တွေ့ဆုံ ဆွေးနွေးစဉ်

သို့သော် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရက္ခိုင့်တပ်တော်(AA)၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာနိုင်ငံ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ကရင် အမျိုးသား အစည်းအရုံး(KNU)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN-K)တို့သည် ပထမ တစ်ကြိမ် နစက၏ ဖိတ်ခေါ် မှုတွင် ဆွေးနွေးရန် အခြေအနေ မရှိကြောင်း အသီးသီး ပြောထားကြသည်။