CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂

ဂါနာအသင်းနဲ့ ဥရုဂွေး အသင်းတို့ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု(H)မှာ ပေါ်တူဂီ၊ တောင်ကိုရီးယားတို့နဲ့ တစ်အုပ်စု တည်း ကျရောက်နေတာ ဖြစ်ပါတယ်။

ဂါနာနဲ့ ဥရုဂွေးတို့ဟာ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ မကျေပွဲအဖြစ် ပြန်လည် ရင်ဆိုင်ရတော့မှာပါ။ အဲ့ဒီတုန်းက ကွာာတား ဖိုင်နယ်အဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ ဂါနာအသင်း အချိန်ပိုမှာ သွင်းယူခဲ့တဲ့ ဂိုးကို ဥရုဂွေး တိုက်စစ်မှူး ဆွာရက်စ်က ဂိုးစည်း ပေါ်ကနေ ဘောလုံးကို လက်နဲ့တားဆီးသွားခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဆွာရက်စ် တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး ဂါနာအသင်းလည်း ပင်နယ်တီကန်သွင်းခွင့် ရရှိသွားခဲ့ပါ တယ်။ ဒါပေမယ့် ဂီယန် ကန်သွင်းချက် လွဲချော်သွားခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ဆက်လက် ယှဉ်ပြိုင်ခဲ့ရတာပါ။

ပင်နယ်တီ အဆုံးအဖြတ်မှာ ဥရုဂွေး အသင်းက ၄ ဂိုး-၂ ဂိုးနဲ့အနိုင်ရပြီး အကြိုဗိုလ်လုပွဲ တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် အခုလာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရုဂွေးနဲ့ ထိပ်တိုက်တွေ့ဆုံမှုဟာ ဂါနာအတွက်တော့ လက်စားချေရမယ့် အကောင်းဆုံးအခွင့်အရေးကို ပိုင်ဆိုင်သွားခဲ့တာပါ။

ဂါနာနဲ့ ဥရုဂွေး ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တွေ့ဆုံခဲ့ကြစဉ်  (Goal)

ဂါနာအက်ဖ်အေ ဥက္ကဋ္ဌက “ဒါဟာ လက်စားချေရမယ့် အချိန်ဖြစ်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဆွာရက်စ်ရဲ့ လုပ်ဆောင်မှုကြောင့် ဒီပွဲကို ကျနော်တို့ ရှင်းရှင်းလင်းလင်း အနိုင်ရမယ်လို့ ထင်ခဲ့ပါတယ်။ သူတို့နဲ့ ထပ်မံယှဉ်ပြိုင်ရတာက ကျနော်တို့အတွက် အလွန်စိတ်ဝင်စားဖို့ ကောင်းပါတယ်”လို့ ပြောခဲ့ပါတယ်။

ဂါနာအတွက် ၁၂ နှစ်ကြာ အိမ်မက်ဆိုးကို ပြန်လည် လက်စားချေနိုင်ဖို့ အကောင်းဆုံး အခွင့်အရေးရပြီလို့ သုံးသပ်မှုတွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။

အသက် (၃၅)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဆွာရက်စ်ကလည်း ဥရုဂွေးအသင်းရဲ့ တိုက်စစ်ကို ဦးဆောင်လာမှာ ဖြစ်တာကြောင့် ဂါနာနဲ့ ပြန်လည် တွေ့ဆုံရတော့မှာပါ။ ဂါနာနဲ့ ဥရုဂွေးတို့ဟာ အုပ်စုတွင်း နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် ဒီပွဲဟာ ၂ သင်းလုံးအတွက် အရေးပါတဲ့ ပွဲစဉ်ဖြစ်လာနိုင်ပါတယ်။

သူတို့ ၂ သင်းရဲ့ ပွဲကို ဒီဇင်ဘာ ၂ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source: BBC