CNI International News

အက်ခရာ၊ နိုဝင်ဘာ ၂၅

ဂါနာအစိုးရသည် ၎င်း၏အရန်ငွေကြေးဖြစ်သော အမေရိကန်ဒေါ်လာအစား ရွှေဖြင့် ရေနံထွက်ကုန်များကို ဝယ်ယူရန် မူဝါဒအသစ်ကို စီစဉ်နေကြောင်း ဒုတိယသမ္မတ မာဟာမူဒူဘာဝူမီယာ (Mahamudu Bawumia) က ဖေ့စ်ဘွတ်လူမှုကွန်ရက်တွင် နိုဝင်ဘာ ၂၄ ရက်၌ ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

အဆိုပါအပြောင်းအလဲသည် ရေနံတင်သွင်းရောင်းချသူများ၏ ဒေါ်လာဝယ်လိုအားနှင့်အတူ နိုင်ငံခြားအရန် ငွေကြေးများ ကျဆင်းလာမှုကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ကြောင်း၊ အရန်ငွေကြေးကျဆင်းလာခြင်းသည် စားနပ်ရိက္ခာ အားနည်းစေပြီး လူနေမှုစရိတ်တိုးလာစေခဲ့ကြောင်း ရိုက်တာက ဆက်လက်ရေးသားသည်။

ဂါနာနိုင်ငံ၏ စုစုပေါင်းနိုင်ငံခြားအရန်ငွေကြေးပမာဏသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလကုန်အထိ ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံရှိပြီး သွင်းကုန်တန်ဖိုး၏ သုံးလစာအောက်နှင့် ညီမျှသည်။

အဆိုပါပမာဏသည် ယမန်နှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၉ ဒသမ ၇ ဘီလီယံမှ ကျဆင်းလာခြင်းဖြစ်ကြောင်း ဂါနာအစိုးရ၏အဆိုအရ သိရသည်။

ဂါနာနိုင်ငံမှ ထွက်ရှိသော ရွှေတိုရွှေစများကို တွေ့ရစဉ်

အကယ်၍ လာမည့်နှစ် ၂၀၂၃ ခုနှစ်၏ ပထမသုံးလပတ်အတွင်း ယခုစီစဉ်ထားသည့်အတိုင်း အကောင်အထည် ဖော်နိုင်ခဲ့လျှင် မူဝါဒသစ်သည် မိမိတို့ငွေပေးချေမှုလက်ကျန်ကို အခြေခံကျကျ ပြောင်းလဲနိုင်ပြီး ငွေကြေးတန်ဖိုး ကျဆင်းခြင်းကိုလည်း သိသာစွာ လျှော့ချနိုင်မည်ဟု ဒုတိယသမ္မတ ဘာဝူမီယာက ဆက်လက်ပြောကြားခဲ့သည်။

ရွှေဖြင့် ပေးချေမှုသည် စက်သုံးဆီနှင့် အခြားအသုံးအဆောင်ဈေးနှုန်းများကို တိုက်ရိုက်ထိခိုက်စေခြင်းမှ တားဆီး နိုင်မည်ဖြစ်ပြီး ပြည်တွင်းရောင်းချသူများအနေဖြင့် ရေနံထွက်ကုန်များ တင်သွင်းရန် နိုင်ငံခြားငွေ လဲလှယ်စရာ မလိုတော့ကြောင်း ၎င်းက ရှင်းပြခဲ့သည်။

“ရေနံအတွက် ရွှေနဲ့ ပေးချေတာဟာ ဖွဲ့စည်းပုံအဆိုင်ရာအပြောင်းအလဲကို ကိုယ်စားပြုပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ဂါနာနိုင်ငံတွင် အစိုးရဘက်က အဆိုပြုလာသော မူဝါဒသည် အထူးအဆန်းတော့ မဟုတ်ပေ။

တစ်ခါတရံ အချို့နိုင်ငံများတွင် အခြားကုန်စည်များကို ရေနံနှင့် ဖလှယ်တတ်ကြသော်လည်း ယင်းသဘော တူညီချက်မျိုး၌ ရေနံထုတ်လုပ်သည့်နိုင်ငံများ၏ လက်ခံနိုင်မှုအတိုင်းအတာနှင့် မဆန့်ကျင်ဘဲ ရေနံမဟုတ်သော ကုန်စည်ကို ရယူပေးသည်။


Source: Reuters