CNI International News

အစ္စလာမ္မာဘတ်၊ နိုဝင်ဘာ ၂၅

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ရှရစ်ဖ်သည် ထောက်လှမ်းရေး အကြီးအကဲဟောင်း အေဇင်မူနီယာကို စစ်ဦးစီး ချုပ်အဖြစ် အသစ်ခန့်အပ်လိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးက နိုဝင်ဘာ ၂၄ ရက်တွင် ကြေညာခဲ့သည်ဟု အေပီသတင်း တစ်ပုဒ် တွင် တွေ့ရသည်။

ထိုသို့ ခန့်အပ်လိုက်ခြင်းကြောင့် စစ်ဦးစီးချုပ်အသစ် မည်သူမည်ဝါ ဖြစ်လာမလဲဟု လနှင့်ချီ၍ သို့လော သို့လော ထင်ကြေးပေးနေမှုများလည်း အဆုံးသတ်သွားခဲ့သည်။

စစ်တပ်သည် ပါကစ္စတန်နိုင်ငံတွင် သမိုင်းကြောင်းအရ ကြီးမားသော ဩဇာကို ကိုင်စွဲထားခဲ့ပြီး တိုင်းပြည်ကို ၇၅ နှစ်တာအထိ အုပ်ချုပ်ခဲ့သည်။ ထို့အပြင် နျူကလီးယား အစီအစဉ်ကိုလည်း စစ်တပ်က အနီးကပ် ကြီးကြပ်ခဲ့သည်။

အိမ်နီးချင်း တရုတ်၊ အိန္ဒိယတို့နှင့်အလားတူ ပါကစ္စတန်သည်လည်း နျူလက်နက်နှင့်ဒုံးကျည်စနစ်တို့ ပိုင်ဆိုင်ထား သည်။ ထိုပိုင်ဆိုင်မှု၏ ဦးတည်ချက်မှာ အဓိကအားဖြင့် အိန္ဒိယကို တန်ပြန်ရန် ဖြစ်သည်။

ကြယ်လေးပွင့်တပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ခံရသူ အေဇင်မူနီယာ (Asim Munir) သည် ကနဦးက အငြိမ်းယူရန် ရည်ရွယ်ထားသော်လည်း နိုဝင်ဘာ ၂၉ ရက်တွင် ၆ နှစ် ရာထူးသက်တမ်း ကုန်ဆုံးမည့် စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ကွာမာဂျာဗက်ဘာဂျဝါနေရာတွင် အစားထိုး တာဝန် ထမ်းဆောင် ရတော့မည် ဖြစ်သည်။

အေဇင်မူနီယာနဲ့ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ရှရစ်ဖ်ကို တွေ့ရစဉ် (Shahbaz Sharif)

မူနီယာသည် လက်ရှိဝန်ကြီးချုပ် ရှရစ်ဇ်နှင့် ယခင်ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းတို့အကြား အငြင်းပွားနေစဉ် ၎င်း၏စစ်ဦးစီးချုပ် ရာထူးအသစ်ကို စတင်ထမ်းဆောင်ရမည်လည်း ဖြစ်သည်။ ဘာဂျဝါကို ၎င်းအား ဝန်ကြီးချုပ် ရာထူးမှ ဖယ်ရှားရာတွင် ပါဝင်ပတ်သက်သည်ဟု အီမရန်ခမ်းက အများသိအောင် စွပ်စွဲခဲ့သော်လည်း ဘာဂျဝါက ထိုစွပ်စွဲကို ငြင်းဆိုထားသည်။

ခရစ်ကတ် အားကစား အကျော်အမော်ဟောင်း တစ်ဦးဖြစ်ခဲ့သည့် အီမရန်ခမ်းသည် နောက်ပိုင်းတွင် အစ္စလာမ္မစ် နိုင်ငံရေးသမားတစ်ဦး ဘဝသို့ အသွင်ပြောင်းလဲခဲ့ပြီး ပြီးခဲ့သည့် ဧပြီလ၌ လွှတ်တော်အတွင်း အယုံအကြည် မရှိ အဆိုတင်သွင်းခြင်း ခံရပြီး ဝန်ကြီးချုပ်ရာထူးမှ ဖြုတ်ချခံခဲ့ရသည်။

သူသည် ယခုအခါ အတိုက်အခံ နိုင်ငံရေးသမားဘဝဖြင့် ရှေ့ဆက်လှမ်းပြီး ရွေးကောက်ပွဲများ အဆောတလျင် ကျင်းပပေးရန် တောင်းဆိုနေခဲ့သည်။

၎င်း၏ရာထူးမှ နုတ်ထွက်ရခြင်းသည် တရားမဝင်ကြောင်းနှင့် အမေရိကန်အစိုးရ၏ အကူအညီဖြင့် ပါကစ္စတန် နိုင်ငံရေးကို ရှရစ်ဖ်က ကြိုးကိုင်ထားသည်ဟု အီမရန်ခမ်းက စွပ်စွဲခဲ့သည်။

ရှရစ်ဖ်အစိုးရနှင့် အမေရိကန်တို့ကတော့ အီမခရန်ခမ်း၏ စွပ်စွဲချက်များကို ပယ်ချခဲ့ပြီး လက်ရှိအစိုးရအနေဖြင့် လာမည့် ရွေးကောက်ပွဲများကို ၂၀၂၃ ခုနှစ်တွင် ကျင်းပပေးသွားမည်ဟု ကတိပြုထားသည်။

Source: AP