CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃

ဥရုဂွေးအသင်းဝါရင့်တိုက်စစ်မှူး ဆွာရက်စ်က ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာရပြီးနောက် ဒီ ပြိုင်ပွဲကို နှုတ်ဆက်ရတာက အလွန်နာကျင်ဖို့ ကောင်းတယ်လို့ ပြောလိုက်ပါတယ်။

ဆွာရက်စ်က “ကမ္ဘာ့ဖလားပြိုင်ပွဲကို နှုတ်ဆက်ရတာက အလွန်နာကျင်ဖို့ ကောင်းပါတယ်။ဒါပေမယ့် တိုင်းပြည် အတွက် အရာအားလုံးကို ပေးဆပ်ခဲ့လို့ ကျနော်တို့ စိတ်တည်ငြိမ်မှုရှိပါတယ်။ကျနော်တို့အပေါ် သူတို့ လေးစားမှုမရှိလည်း ဥရုဂွေးဖြစ်ရတာကို ဂုဏ်ယူပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့ နေရာတိုင်းမှာ ကျနော်တို့ကို အားပေးခဲ့ကြတဲ့ ဥရုဂွေးနိုင်ငံသား တဦးချင်းစီတိုင်းကို အလွန်ကျေးဇူးတင်ပါတယ်” လို့ ပြောခဲ့တာပါ။

ဥရုဂွေးအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဂါနာအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် တောင်ကိုရီးယား အသင်းက ပေါ်တူဂီအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ဂိုးကွာခြားချက်နဲ့အုပ်စုက ထွက်ခဲ့ရတာ ဖြစ်ပါတယ်။ဆွာရက်စ်ကတော့ ဥရုဂွေးအသင်းအုပ်စုက ထွက်ခွာရချိန် အရန်ခုံတန်းပေါ်မှာ စိတ်ပျက်ပြီး ငိုကြွေးနေခဲ့တာပါ။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆွာရက်စ်အတွက်တော့ ဒီကမ္ဘာ့ဖလားပြိုင်ပွဲဟာ နောက်ဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲဖြစ်နိုင်တာကြောင့် စိတ်ပျက်ဖွယ်ရလဒ်နဲ့ နှုတ်ဆက်ခဲ့ရတာဖြစ်ပါတယ်။ ဒီပွဲစဉ်ပြီးကာနီးမှာ ကာဗာနီကို ဂိုးဧရိယာအတွင်း ဂါနာကစားသမားတွေက ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့် ဒိုင်လူကြီးက ခွင့်မပြုပေးခဲ့တဲ့အပေါ် ဥရုဂွေးကစားသမားတွေက အလွန်စိတ်ပျက်နေကြတာပါ။

ဥရုဂွေးကစားသမားတွေဟာ ပွဲပြီးဆုံးချိန်မှာ ကွင်းလယ်ဒိုင်လူကြီးကို ဝိုင်းပြီး စောဒကတက်ခဲ့ကြသလို ကာဗာနီဆိုရင် ဥမင်ထဲလျှောက်တဲ့လမ်းမှာရှိတဲ့ VAR မော်နီတာကို တွန်းချပြီး ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ တောင်အမေရိကအသင်းဟာ ပထမပိုင်းမှာ ဂါနာအသင်းကို ပင်နယ်တီပေးခဲ့တဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် ကိုလည်း ဝိုင်းဝန်းကန့်ကွက်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့တဲ့ ဥရုဂွေးအသင်းဟာ ၂၀၂၂ မှာတော့ အုပ်စုကနေပဲ လှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ တောင်အမေရိက ၄ သင်းမှာ အာဂျင်တီးနားနဲ့ ဘရာဇီးလ်တို့က နောက်တဆင့်တက်ပြီး ဥရုဂွေးနဲ့ အီကွေဒေါတို့က ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

Source:DailyMail