CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၁၆

လိဒ်စ်ယူနိုက်တက်အသင်းနည်းပြဟောင်း ဘီယယ်လ်ဆာဟာ ဥရုဂွေးလက်ရွေးစင်ဘောလုံးအသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။

အသက် ၆၇ နှစ်အရွယ်ရှိ အာဂျင်တီးနားလူမျိုးနည်းပြဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက လိဒ်စ်ယူနိုက်တက် အသင်းကနေ ထုတ်ပယ်ခံရပြီးကတည်းက အနားယူနေရတာပါ။ဘီယယ်လ်ဆာဟာ မကြာသေးခင်က နည်းပြ ရာထူးလစ်လပ်နေတဲ့ ဘုန်းမောက်၊ အဲဗာတန်အသင်းတို့ရဲ့ နည်းပြရာထူးအတွက်လည်း ဆွေးနွေးမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

ဘီယယ်လ်ဆာဟာ ၂၀၁၈ က လိဒ်စ်အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းကို ၁၆ နှစ်ကြာ ဝေးကွာခဲ့တဲ့ ပရီးမီးယားလိဂ်ကို ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့တာပါ။အခုအချိန်မှာတော့ ဘီယယ်လ်ဆာဟာ ဥရုဂွေး အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရပြီး အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ကိုင်တွယ်ရတော့မှာ ဖြစ်ပါတယ်။

 

ကမ္ဘာ့ဖလားချန်ပီယံဆုကို ၂ ကြိမ်ရရှိထားတဲ့ ဥရုဂွေးအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စု အဆင့်နဲ့ ကျေနပ်ခဲ့ရတာပါ။ဥရုဂွေးအသင်းဟာ ၂၀၂၁ က ဒီယေဂိုအလွန်ဆိုကို နည်းပြအဖြစ် ခန့်အပ်ခဲ့ပေမယ့် ကမ္ဘာ့ဖလားအပြီးမှာ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ဥရုဂွေးအသင်းဟာ ဘီယယ်လ်ဆာကို နည်းပြသစ်အဖြစ် မခန့်အပ်ခင် မာဆယ်လိုဘရိုလီကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့တာပါ။

ဘီယယ်လ်ဆာဟာ လာမယ့်စက်တင်ဘာလမှာ ကစားမယ့် ချီလီအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလား တောင်အမေရိက ဇုန်ခြေစစ်ပွဲမှာ ဥရုဂွေးအသင်းကို စတင်ကိုင်တွယ်ရတော့မှာ ဖြစ်ပါတယ်။ဒီပွဲပြီးရင် ဥရုဂွေးအသင်းဟာ အီကွေဒေါ အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

အာဂျင်တီးနားလူမျိုးနည်းပြဟာ တောင်အမေရိကအသင်းဖြစ်တဲ့ ချီလီလက်ရွေးစင်အသင်းကို ၂၀၀၇ ကနေ ၂၀၁၁ အထိ ကိုင်တွယ်ခဲ့ပြီး အဲဒီနောက်မှာ ဘီလ်ဘာအို၊ မာဆေးလ်နဲ့ လိုင်လီအသင်းတွေကို ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။

Source:Goal