CNI Sport News

ပေါ်တူဂီနဲ့ အယ်လ်နာဆာ အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ဇွန်လထဲ စင်္ကာပူကို သွားရောက်မယ်လို့ CNA သတင်းဌာနက ဖော်ပြထားပါတယ်။

ဘောလွန်းဒီအောဆုကို ၅ ကြိမ် ရရှိထားတဲ့ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ စင်္ကာပူနိုင်ငံကို အကြိမ် ပေါင်းများစွာ သွားရောက်ခဲ့ပါတယ်။

ဒီသွားရောက်မှုတွေထဲမှာ စင်္ကာပူအိုလံပစ် ဖောင်ဒေးရှင်း ပီတာလင် ပညာသင်ဆုအတွက် သွားရောက်တာတွေ လည်း ပါဝင်ပါတယ်။

၂၀၁၉ ခုနှစ်က ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ ယူမင်မူလတန်းကျောင်းကိုလည်း အံ့အားသင့်ဖွယ် သွားရောက် ခဲ့ပါသေးတယ်။

ရော်နယ်ဒိုက “လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စင်္ကာပူနိုင်ငံကို သွားရောက်ရတာကို ပျော်ရွှင်မိပါတယ်။ ဒီလို အံ့သြ စရာကောင်းတဲ့ ကလေးတွေနဲ့အတူ အချိန်အနည်းငယ်ရှိခဲ့ပြီး ပီတာလင် ပညာသင်ဆုအတွက် ကြီးကျယ်တဲ့ အရာ တွေကို မြင်တွေ့ခဲ့ရတယ်။ နောက်လမှာ အားလုံးနဲ့ ပြန်တွေ့ရဖို့ စောင့်မျှော်နေပါတယ်”လို့ သူသွားရောက်ခဲ့တဲ့ ဓါတ်ပုံနဲ့အတူ အင်စတာဂရမ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒို စင်္ကာပူကို ရောက်ခဲ့စဉ်

ဒီပညာသင်ဆုကို စင်္ကာပူအိုလံပစ် ဖောင်ဒေးရှင်းက ၂၀၁၀ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး ပီတာလင်က အမေရိကန်ဒေါ်လာ ၇.၄၈ သန်း လှူဒါန်းခဲ့တာပါ။

ပီတာလင်ဟာ စပိန်လာလီဂါထိပ်သီး အသင်းတစ်သင်းဖြစ်တဲ့ ဗလင်စီယာအသင်းကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ရော်နယ်ဒိုနဲ့ သူငယ်ချင်းလည်း ဖြစ်ပါတယ်။ သူဟာ ရည်မှန်းချက်မြင့်မားတဲ့ လူငယ်အားကစားသမားတွေကို ငွေကြေး အကူအညီ ပေးတယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။

အသက် ၃၈ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းမှာ ကစားနေတာဖြစ်ပြီး ၁၆ ပွဲကစားထားတာမှာ ၁၂ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

Source: CNA