CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၁၆

လက်စတာအသင်းကို အနိုင်ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မျှော်လင့်ချက်တွေရှိလာပြီးနောက် အသင်းရဲ့အလုပ်က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပေါ်မှာရှိနေတဲ့အသင်းတွေကို ဖိအားပေးဖို့လို့ နည်းပြ ကလောပ့်က ပြောခဲ့ပါတယ်။

ကလောပ့်က “လွန်ခဲ့တဲ့ ၆ ပတ် ဒါမှမဟုတ် ၇ ပတ်လောက်က ဒီလိုဖြစ်လာမယ်လို့ မထင်ခဲ့တဲ့ ဥရောပဝင်ခွင့်ကို ရယူနိုင်ခဲ့ပါပြီ။ဘောလုံးပွဲအများအပြားကို အနိုင်ရပြီးနောက် ကျနော်တို့အတွက် အခွင့်အရေးတွေရှိလာခဲ့ပါတယ်။ ကျန်တဲ့အရာတွေက ကျနော်တို့ရဲ့ လက်ထဲမှာမရှိပေမယ့် အခွင့်အရေးကို ရယူနိုင်ဖို့အတွက်ဆိုရင် ရာသီအကုန်ထိ ပွဲအားလုံးကို အနိုင်ရရမယ်ဆိုတာကို ကျနော်တို့ သိပါတယ်။အခုအချိန်မှာ ကျနော်တို့အလုပ်က ချန်ပီယံလိဂ် ဝင် ခွင့်အတွက် ဖိအားတွေကို ဆက်ပြီးထိန်းထားဖို့ပါ”လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၆ အဖြစ် ကစားခဲ့တဲ့ပွဲမှာ လက်စတာအသင်းကို အဝေးကွင်းမှာ ၃ ဂိုး-ဂိုးမရှိနဲ့အနိုင်ရခဲ့ပြီး ကာတစ်ဂျုံးစ်က ၂ ဂိုးနဲ့ အာနိုးလ်က ၁ ဂိုးသွင်းယူခဲ့ကာ ဒီဂိုးတွေက တိုက်စစ်မှူး ဆာလတ်က ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။

အန်ဖီးလ်ကလပ်ဟာ ပရီးမီးယားလိဂ်မှာ ၇ ပွဲဆက်နိုင်ပွဲရခဲ့တာဖြစ်ပြီး အဆင့် ၅ နေရာမှာ ရပ်တည်နေကာ အဆင့် ၃ နေရာက နယူးကာဆယ်၊ အဆင့် ၄ နေရာက ယူနိုက်တက်အသင်းတို့ထက် ၁ ပွဲပို ကစားထားပြီး ၁ မှတ်သာ ကွာဟတော့တာပါ။

လီဗာပူးလ်အသင်းဟာ ရာသီအစပိုင်းက ရလဒ်ဆိုးတွေကြောင့် ဥရောပဝင်ခွင့်အတွက် ခက်ခဲနိုင်တယ်လို့ သုံးသပ် နေကြပေမယ့် အခုအချိန်မှာတော့ တည်ငြိမ်တဲ့ပုံစံတွေနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မျှော်လင့်ချက်တွေ ရှိလာ ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်လက်ကျန် ၂ ပွဲမှာ အက်စတွန်ဗီလာ၊ဆောက်သမ်တန်အသင်းတို့နဲ့ ယှဉ်ပြိုင် ရမှာဖြစ်လို့ နယူးကာဆယ်နဲ့ ယူနိုက်တက်တို့ အမှားအယွင်းပြုလုပ်မိတာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေ အနေကောင်းနိုင်တာပါ။

၂၀၁၆ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ လက်စတာအသင်းကတော့ လီဗာပူးလ်အသင်းကို အရေးနိမ့် ခဲ့တာကြောင့် အမှတ်ပေးဇယားအဆင့် ၁၉ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်အန္တရာယ်ကျ ရောက်နေတာ ဖြစ်ပါတယ်။လက်စတာအသင်းအနေနဲ့ လက်ကျန် ၂ ပွဲစလုံးမှာ အနိုင်ရလဒ် မရယူနိုင်ဘူးဆိုရင်တော့ လာမယ့် နှစ်ရာသီ ချန်ပီယံရှစ်ပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်ရတော့မှာပါ။

လက်စတာအသင်းဟာ ပရီးမီးယားလိဂ်လက်ကျန် ၂ ပွဲအဖြစ် နယူးကာဆယ်၊ ဝက်စ်ဟမ်းအသင်းတို့နဲ့ ကစား ရမှာဖြစ်လို့ တန်းဆင်းရနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

Source:Reuters