CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၄

မောင်မောင်လွင်နဲ့ လမ်ပန်ဝါရီယာ အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ဘတ်(၃)သန်း ပါဝင် တယ်လို့ အေးဂျင့်ဖြစ်သူ ကိုရဲနိုင်ဝင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးသားထားပါတယ်။

မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင် မောင်မောင်လွင်နဲ့ လမ်ပန်ဝါရီယာ အသင်းတို့ဟာ (၁)ရာသီခွဲ စာချုပ်ချုပ် ဆိုထား တာပါ။ အဲ့ဒါကြောင့် စာချုပ် သက်တမ်းအရ လာမယ့် ရာသီအကုန်မှသာ စာချုပ်ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် စာချုပ် သက်တမ်း ရှိနေချိန်အတွင်းမှာ မောင်မောင်လွင်ကို ခေါ်ယူချင်တယ်ဆိုရင် လမ်ပန်ဝါရီယာ အသင်းကို စာချုပ်ဖျက်သိမ်းကြေး ဘတ်(၃)သန်း ပေးချေရမှာပါ။

တကယ်လို့ လမ်ပန်ဝါရီယာ အသင်းက မောင်မောင်လွင်ကို လက်မလွှတ်ချင်ဘဲ ကစားသမားက သွားဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုရင် နောက်ထပ် ပုံစံတစ်မျိုး ရှိနေသေးတယ်လို့ ကိုရဲနိုင်ဝင်းက ရေးသားထားပါတယ်။

မောင်မောင်လွင်ကို လိုချင်တဲ့ အသင်းအနေနဲ့ ကစားသမား စိတ်ကြိုက် ကမ်းလှမ်းမှု ပြုလုပ်ရမှာဖြစ်ပြီး ကစားသမားက နှစ်သက်တယ်ဆိုရင်တော့ အပြောင်းအရွှေ့ ဖြစ်မှာပါ။ အဲ့ဒါဆိုရင် လမ်ပန်ဝါရီယာ အသင်းအနေနဲ့ ဘတ်(၃)သန်းယူပြီး မောင်မောင်လွင်ကို လက်လွှတ်ပေးရမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မောင်မောင်လွင်ကို ခေါ်ယူဖို့ ထိုင်းလိဂ်(၁) အသင်းတွေက စိတ်ဝင်စားနေပြီး ချဉ်းကပ်မှုတွေ ရှိနေတယ် လို့လည်း ကိုရဲနိုင်ဝင်းက ပြောထားတာပါ။ ဒါပေမယ့် အံ့အားသင့်ဖွယ်ကောင်းတဲ့ ကမ်းလှမ်းမှုတွေ မရှိရင်တော့ မောင်မောင် လွင်ဟာ လမ်ပန်ဝါရီယာ အသင်းမှာပဲ ဆက်ရှိမှာဖြစ်တယ်လို့ အေးဂျင့်ဖြစ်သူက ပြောပါတယ်။

မောင်မောင်လွင်ဟာ လမ်ပန်ဝါရီယာ အသင်းကို ရောက်ရှိလာကတည်းက ခြေစွမ်းပြသနေတာဖြစ်ပြီး သွင်းဂိုး ၂ ဂိုး သွင်းယူ ထားပြီး ၆ ဂိုး ဖန်တီးထားတာပါ။ မောင်မောင်လွင်ဟာ ထိုင်းလိဂ် ၂ မှာ ခြေစွမ်းပြသ နေတာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အတွက် ထိုင်းလိဂ် ၂ တစ်လတာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းလိဂ်(၂) ပြိုင်ပွဲပြီးဆုံးဖို့ ၅ ပွဲသာ လိုတော့တဲ့ အချိန်မှာ လမ်ပန်ဝါရီယာ အသင်းဟာ အမှတ်ပေးဇယား အဆင့်(၁)နေရာမှာ ရပ်တည်နေပြီး ဒုတိယနဲ့ တတိယနေရာမှာ ရှိနေတဲ့ ဆူခိုထိုင်းနဲ့ ထရက်အသင်းကို ရမှတ် ၁ မှတ် အသာစီး ရယူထားတာ ဖြစ်ပါတယ်။