CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၈

မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင်ဖြစ်ခဲ့ပြီး ထိုင်းလိဂ်မှာ ကစားနေတဲ့ မောင်မောင်လွင်ဟာ ဖေဖော်ဝါရီလအတွက် ထိုင်းလိဂ်(၂)ကပေးတဲ့ တစ်လတာအကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

ထိုင်းလိဂ်(၂)ကလပ် လမ်ပန်ဝါရီယာ အသင်းမှာ ကစားနေတဲ့ မောင်မောင်လွင်ဟာ ဖေဖော်ဝါရီလအတွင်း ကစားခဲ့တဲ့ ပွဲတွေ မှာ ခြေစွမ်းပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ မောင်မောင်လွင်ဟာ ဖေဖော်ဝါရီလအတွင်း ကစားခဲ့တဲ့ ပွဲတွေမှာ ၂ ဂိုးသွင်းပြီး ၄ ဂိုး ဖန် တီး နိုင်ခဲ့တာပါ။

လမ်ပန်ဝါရီယာ အသင်းကလည်း ဒီကာလအတွင်း ကစားခဲ့တဲ့ ပွဲတွေမှာ ရှုံးပွဲမရှိခဲ့ဘဲ ၃ ပွဲနိုင်ကာ ၁ ပွဲ သရေကျခဲ့တာ ဖြစ်ပါ တယ်။ အဲ့ဒါကြောင့်လည်း မောင်မောင်လွင်ကို ထိုင်းလိဂ်(၂)ရဲ့ တစ်လတာအကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့တာ ပါ။

မြန်မာလက်ရွေးစင် ကစားသမားဟာ လမ်ပန်ဝါရီယာ အသင်းကို ရောက်ရှိလာကတည်းက ခြေစွမ်းပြသနေတာကြောင့် ပွဲထွက်ခွင့် တစ်နေရာကို ပွဲတိုင်းနီးပါး ရရှိနေတာလည်း ဖြစ်ပါတယ်။ မောင်မောင်လွင်ဟာ လမ်ပန်ဝါရီယာ အသင်းအတွက် ၈ ပွဲ ပါဝင်ကစားထားပြီး ၂ ဂိုးသွင်းယူကာ ၆ ဂိုး ဖန်တီးထားတာလည်း ဖြစ်ပါတယ်။

မောင်မောင်လွင်ကိုတွေ့ရစဉ်(Thai League)

ဒါ့အပြင် မောင်မောင်လွင်ဟာ ထိုင်းလိဂ်(၂)ရဲ့ တစ်လတာအကောင်းဆုံး ကစားသမားဆုကိုရရှိတဲ့ ပထမဆုံး မြန်မာကစား သမားလည်း ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ လမ်ပန်ဝါရီယာ အသင်းဟာ လက်ရှိအချိန်မှာ ထိုင်းလိဂ်(၁)ကို တိုက်ရိုက် တန်းတက်နိုင်ဖို့ မျှော်လင့်ချက်တွေ ရှိနေပါတယ်။ လမ်ပန်ဝါရီယာ အသင်းဟာဆိုရင် ထိုင်းလိဂ်(၂)ပြိုင်ပွဲမှာ ၂၇ ပွဲ ကစားထား ပြီး ရမှတ် ၅၃ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေတာပါ။

လမ်ပန်ဝါရီယာ အသင်းသည် အဆင့် ၁ နေရာက ထရက်အသင်းနဲ့ ၅ မှတ်၊ အဆင့် ၂ နေရာက ဆူခိုထိုင်း အသင်းနဲ့ ၂ မှတ်သာ ကွာဟတာကြောင့် ထိုင်းလိဂ်(၁)ပြိုင်ပွဲကို တိုက်ရိုက်တန်းတက်နိုင်ဖို့ မျှော်လင့်ချက်တွေ ရှိနေတာဖြစ်ပါတယ်။

ထိုင်းလိဂ်(၂)ပြိုင်ပွဲဟာ ပြီးဆုံးဖို့ ၇ ပွဲသာ ကျန်ရှိတော့တာဖြစ်ပြီး အဆင့် ၁ နဲ့ ၂ အသင်းတွေက တိုက်ရိုက် တန်းတက်နိုင်မှာပါ။ အဆင့် ၃ နဲ့ ၆ အထိ အသင်းတွေကတော့ ပလေးအောဖ့် ကစားကာ အနိုင်ရတဲ့ အသင်းက တန်းတက်နိုင်မှာလည်း ဖြစ်ပါ တယ်။