CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၈

အဲဗာတန် အသင်းနည်းပြ လမ်းပတ် က နယူးကာဆယ် အသင်းကို အနိုင်ရတဲ့ပွဲမှာ နောက်ကျဂိုးနဲ့ အသင်းက အနိုင်ရခဲ့လို့ အပျော်လွန်ပြီး အောင်ပွဲခံရာကနေ လက်ကျိုးသွားခဲ့တယ်လို့ ပြောလိုက်ပါတယ်။

အဲဗာတန် အသင်းဟာ ရလဒ်ဆိုးတွေကြောင့် တန်းဆင်းဇုန်နား ရောက်နေခဲ့တာဖြစ်ပြီး ဒီပွဲမှာ နယူးကာဆယ် အသင်း ကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ ပွဲဆက်ရလဒ်ဆိုးတွေကို ရပ်တန့်နိုင်ခဲ့တာပါ။ ဒီပွဲမှာ ဆန္ဒပြသူတစ်ဦး က ဂိုးတိုင်နဲ့ သူ့လည်ပင်းကို ချည်ခဲ့တာကြောင့် ပွဲကို အချိန်အတော်ကြာ ရပ်ပြီးမှ ပြန်လည်ကစားခဲ့ရတာဖြစ်ပါတယ်။အဲဗာတန် အသင်းအတွက် တစ်လုံးတည်သော သွင်းဂိုး မိနစ်(၉၀)ပြည့်ပြီး နာကျင်အချိန်ပို(၉)မိနစ်မှာ အိုင်ဝိုဘီ က သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။

လမ်းပတ် ကတော့ သူလက်ကျိုးသွားခဲ့ပေမယ့် အဲဗာတန် အသင်း(၃)မှတ်ရလို့ ပျော်ရွှင်ကြောင်း ပြောခဲ့ပါတယ်။ လမ်းပတ် က “အောင်ပွဲခံနေတဲ့ အချိန်မှာ လက်ကျိုးသွားပါတယ်။ အဲဒီတုန်းကတော့ ကျနော်မသိလိုက်ပါဘူး။ ပွဲက ဆက်ကစားနေတုန်းပါပဲ။ အခုတော့ နည်းနည်းနာနေပြီး တုန်လည်းတုန်နေပါတယ်။ ဒါပေမယ့် အဆင်ပြေပါ တယ်”လို့ ပြောပါတယ်။

အနိုင်(၃)မှတ်ရပြီးပြီဆိုတော့ သူ့လက်ကို ဂရုမစိုက်ဘူးလားလို့ မေးခဲ့ရာမှာ လမ်းပတ် က “ကျနော် ဂရုမစိုက်ပါဘူး။အံသြစရာကောင်းတဲ့ ညတစ်ညဖြစ်ခဲ့ပါတယ်။ ဒီလိုညမျိုးတွေဟာ လိုအပ်တာကြောင့် ဒါတွေကို ရှုမြင်သုံးသပ်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။ဒါပေမယ့် သွားရမယ့်လမ်းက အရှည်ကြီး ရှိပါသေးတယ်။ ကျနော်တို့က ဒါတွေကို ပျော်ရွှင်နေရမယ်။နိုင်ပွဲရခဲ့တာက စိတ်ဓါတ်နဲ့ စည်းလုံးညီညွတ်မှုနဲ့ပဲ ဆိုတာကို နားလည်ရမယ်။ဒီရလဒ်မျိုးကို ဒီညမှာ ကျနော်တို့ အားလုံးခံစားခဲ့ရတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

အဲဗာတန် အသင်းဟာ ဒီနိုင်ပွဲကြောင့် တန်းဆင်းဇုန် အဆင့်(၁၈)နေရာမှာ ရပ်တည်နေတဲ့ ဝက်ဖိုဒ့် အသင်းထက် (၃)မှတ်အသာနဲ့ အဆင့်(၁၇)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။အဲဗာတန် အသင်းဟာ မတ်လ(၂၀)ရက်မှာ အက်ဖ်အေဖလား ပွဲစဉ်အဖြစ် ပဲလေစ့် အသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:Metro