CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၂၀

အဲဗာတန် အသင်းဟာ မေလ ၂၀ ရက် မနက်ပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပဲလေစ့် အသင်းကို အနိုင်ရပြီးနောက် တန်းဆင်းဇုန်က လွတ်မြောက်ကာ လာမယ့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆက်လက် ယှဉ်ပြိုင်ခွင့် ရရှိသွားပြီ ဖြစ်ပါတယ်။

အဲဗာတန် အသင်းဟာ ဒီပွဲရဲ့ ပထမပိုင်းမှာ ပဲလေစ့် အသင်းကို ဦးဆောင်ဂိုး ၂ ဂိုး ခွင့်ပြုပေးခဲ့ရပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုး နဲ့ အနိုင်ဂိုးတွေ ပြန်သွင်းယူနိုင်ခဲ့တာကြောင့် ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ အဲဗာတန် အသင်းရဲ့ တန်းဆင်းဇုန် ပြိုင်ဘက်ဖြစ်တဲ့ ဘန်လေအသင်းက အက်စတွန်ဗီလာ အသင်းနဲ့ သရေကျခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီအတွက် အဲဗာတန် အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံးပွဲ ကစားဖို့ ကျန်သေးပေမယ့် လာမယ့်ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဆက်ရှိဖို့ သေချာသွားခဲ့တာပါ။

အဲဗာတန် အသင်း ပရိသတ်တွေဟာ အသင်း တန်းဆင်းဇုန်က လွတ်မြောက်ခဲ့တာကြောင့် ပွဲအပြီးမှာ ကွင်းအတွင်း ဝင်ရောက်ပြီး အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။ အဲဗာတန် အသင်းဟာ ဒီရလဒ်ကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၆၉ ရာသီဆက်တိုက် ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့တာပါ။

အဲဗာတန် အသင်းသားများနဲ့ ပရိသတ်များ အောင်ပွဲခံနေစဉ်(GETTY IMAGES)

အဲဗာတန် အသင်းနည်းပြ လမ်းပတ်က “ ဒါဟာ ကျနော့်ရဲ့ ဘောလုံးဘဝမှာ အကြီးကျယ်ဆုံး အခိုက်အတန့်တွေထဲက တစ်ခုပါ။ ချယ်လ်ဆီး အသင်းမှာ ကစားသမားနဲ့ နည်းပြအဖြစ် အံ့သြစရာကောင်းတဲ့ အချိန်တွေကို ပိုင်ဆိုင်ရတာ အလွန်ကံကောင်း ပါတယ်။ ဒါပေမယ့် တန်းဆင်းဇုန်က လွတ်ပြီး အသင်းကို ရှင်သန်နိုင်အောင် လုပ်တာကတော့ ကွဲပြားတဲ့ ခံစားချက်ပါ။ ပွဲပြီးချိန်မှာ ကျနော် ငိုမိမယ်လို့တောင် ထင်ခဲ့တာပါ။ အဆုံးသတ်မှာ အောင်ပွဲခံပုံကို ဘယ်သူကမှ မေးခွန်းထုတ်လို့ မရပါဘူး။ ဒါက အဲဗာတန် သမိုင်းရဲ့ ထူးခြားတဲ့ညပါ ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

အဲဗာတန် အသင်း တန်းဆင်းဇုန်က လွတ်မြောက်သွားခဲ့တာကြောင့် လက်ကျန် တန်းဆင်းဇုန် တစ်နေရာအတွက် ဘန်လေ အသင်းနဲ့ လိဒ်စ် အသင်းတို့ဟာ နောက်ဆုံးပွဲစဉ်မှာ အကြိတ်အနယ် ယှဉ်ပြိုင်ကြရတော့မှာလည်း ဖြစ်ပါတယ်။ အဲဗာတန် အသင်းကတော့ နောက်ဆုံးပွဲစဉ်မှာ အာဆင်နယ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Souce: BBC