CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၂၀

မန်ချက်စတာယူနိုက်တက် ပထမအသင်း ကစားသမားတွေဟာ နှစ်စဉ်ကျင်းပတဲ့ တစ်နှစ်တာ အကောင်းဆုံး ဆုပေးပွဲနဲ့ ညစာ စားပွဲကို တက်ရောက်ဖို့ ရှက်နေကြလို့ အသင်းဘက်က ဒါကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

ဒီရာသီဟာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် မေ့ပစ်ချင်စရာ အကောင်းဆုံး ရာသီအဖြစ် ရှိနေတာပါ။ ပရီးမီးယား လိဂ် ပြိုင်ပွဲပြီးဆုံးဖို့ တစ်ပွဲသာ ကျန်ရှိတော့တဲ့ အချိန်မှာ မန်ချက်စတာယူနိုက်တက် အသင်းဟာ ထိပ်ဆုံးနေရာက မန်စီးတီး အသင်းနဲ့ (၃၂) မှတ်အကွာ အဆင့် ၆ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

မန်ချက်စတာကလပ်ဟာ ရလဒ်ဆိုးတွေကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်လည်း ဆုံးရှုံးထားတာပါ။ အသင်းဟာ ဒီရာသီ လိဂ်ပြိုင်ပွဲမှာ ၁၁ ပွဲ ရှုံးနိမ့်ထားပြီး နောက်ဆုံးကစားမယ့် ပဲလေစ့်နဲ့ပွဲမှာ အနိုင်ရရှိခဲ့မယ် ဆိုရင်တောင် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် စံချိန်တင် ရမှတ်အနည်းဆုံး ရာသီအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ရလဒ်ဆိုးတွေကြောင့် နည်းပြ ဆိုးလ်ရှား ကို နိုဝင်ဘာလက ထုတ်ပယ်ခဲ့ပြီး ရက်ဂ်နစ် ကို ယာယီနည်းပြအဖြစ် ရာသီအကုန်ထိ ခန့်အပ်ခဲ့တာပါ။ သူကလည်း အသင်းကို ကယ်တင်နိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ပရိသတ်တွေဟာ ရာသီကို အမြန်ဆုံး အဆုံးသတ်ဖို့ စိတ်အား ထက်သန်နေကြတာပါ။ မန်ချက်စတာယူနိုက် တက် အသင်းဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ပေးဂိုးအများဆုံး ရာသီဖြစ်ခဲ့သလို အခြားမလိုချင်တဲ့ စံချိန် မှတ်တမ်း တွေလည်း ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီလို အချက်တွေကြောင့်လည်း ရာသီကုန် ဆုပေးပွဲကို တက်ရောက်ဖို့ ကစားသမားတွေက ရှက်နေကြတာပါ။

မန်ချက်စတာယူနိုက်တက် အသင်း နည်းပြအဖွဲ့နဲ့ကစားသမားများ(SI)

မေရာ သတင်းမှာတော့ မန်ချက်စတာယူနိုက်တက် စီနီယာ ကစားသမားတွေဟာ ရာသီကုန် အခမ်းအနားကို တက်ရောက်ဖို့ အဆင်မပြေသလို ခံစားနေရတာကြောင့် ကလပ် တာဝန်ရှိသူတွေက ဆုပေးပွဲကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာလို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ကလပ်အသင်းက တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို မဲပေးဖို့ အွန်လိုင်းကနေ စစ်တမ်း တစ်ခု ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ဒီဆုပေးပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ကိုဗစ်ကူးစက်မှုတွေကြောင့် မကျင်းပ နိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုဖြစ်တဲ့ ဆာမတ်စ်ဘတ်စ်ဘီဆု ကို ဘရူနိုဖာနန်ဒတ်စ် က ၂ နှစ် ဆက်တိုက် ရယူထားတာလည်း ဖြစ်ပါတယ်။

Source: Sportbible