CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၁၉

မန်စီးတီး အသင်း ကွင်းလယ်ကစားသမား ဂန်ဒိုဂန် ဟာ မော်ဒယ်ဖြစ်သူ ဆာရာနဲ့ လက်ထပ်ပြီး လျှို့ဝှက်စွာ အခမ်းအနား ပြုလုပ်ဖို့ စပိန်နိုင်ငံကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

ဂန်ဒိုဂန် ဟာ အခုအချိန်မှာ မန်ချက်စတာကို ပြန်ရောက်နေပြီး ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ်အဖြစ် ကစားမယ့် အက်စတွန်ဗီလာနဲ့ ပွဲစဉ်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။

ဂန်ဒိုဂန် ဟာဆိုရင် အခုရာသီအကုန်မှာ အီးတီဟတ်ကနေ ထွက်ခွာနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် ဒီတစ်ပတ်အတွင်းမှာ အနာဂတ်နဲ့ ပတ်သက်ပြီး လှုပ်ခတ်လာခဲ့တာ ဖြစ်ပါတယ်။ ဂန်ဒိုဂန်သည် ရီးရယ်လ်အသင်းနဲ့ စကားပြောဆိုမှုတွေ ပြုလုပ်ဖို့ ရက်အနည်းငယ် အားလပ်ရက်ယူကာ စပိန်နိုင်ငံကို သွားခဲ့တယ်လို့ ထင်ကြေးတွေ ထွက်ပေါ်ခဲ့တာပါ။

ဂန်ဒိုဂန် ရဲ့ ဇနီးဖြစ်သူ ဆာရာ ကတော့ ခရီးစဉ်နောက်ကွယ်က အဓိက အကြောင်းအရင်းကတော့ ရောမမှာ လက်ထပ်ခဲ့တာ လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

အီတလီ မော်ဒယ်လ်ဖြစ်သူ ဆာရာ က “ ကျမတို့ လက်ထပ်လိုက်ပါပြီ။ ကျမတို့ အလွန်ပျော်ရွှင်နေ ကြပါတယ်။ ကျမတို့ ဒါကို လျှို့ဝှက် ထားချင်ပေမယ့် ကံမကောင်းစွာနဲ့ပဲ ကျမခင်ပွန်းနဲ့ ပတ်သက်ပြီး သတင်းအတုတွေ ထွက်လာခဲ့ပါတယ်။ အဲ့ဒါကြောင့် အခုလို အမှန်အတိုင်းပြောဖို့ ဖြစ်လာခဲ့တာ”လို့ ရေးသားခဲ့တာပါ။

မန်စီးတီးကစားသမား ဂန်ဒိုဂန် (Sports)

ဂန်ဒိုဂန်နဲ့ မန်စီးတီးတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေတာကြောင့် အနာဂတ်နဲ့ ပတ်သက်တဲ့ သတင်းတွေဟာ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ စတာလင်၊ ဂျီးဆပ်စ်နဲ့ မာရတ်ဇ် တို့ကလည်း ဒီလို အခြေအနေမျိုးတွေနဲ့ ကြုံတွေ့နေရတာပါ။

မန်စီးတီး အသင်းကလည်း ဂန်ဒိုဂန် ကို စာချုပ်သစ် ချုပ်ဆိုဖို့ အစီအစဉ် မရှိဘူးလို့ သိရပါတယ်။ မန်စီးတီးနည်းပြ ဂွာဒီယိုလာ ဟာ ဂန်ဒိုဂန် ကို ပွဲကစားခွင့် အကန့်အသတ်သာ ပေးဖို့ ရှိနေပြီး ကွင်းလယ်ကစားသမား တစ်ဦးကို ရှာဖွေနေတာ ဖြစ်ပါတယ်။

ဂန်ဒိုဂန် ဟာ ၂၀၁၆ က ဂွာဒီယိုလာ ခေါ်ယူခဲ့တဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်တာပါ။ ဂျာမနီ ကစားသမားဟာ မန်စီးတီး အသင်း ဆုဖလား အများအပြား ရယူခဲ့တာမှာ အဓိက ကစားသမား တစ်ဦးအဖြစ် ပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဂွာဒီယိုလာ ဟာ ကစားသမားတွေကို လန်းလန်းဆန်းဆန်း ဖြစ်နေဖို့အတွက် အားလပ်ရက် အနည်းငယ်ပေးခဲ့တာဖြစ်ပြီး အခုအချိန်မှာ တော့ လေ့ကျင့်မှုတွေ ပြန်လည် ပြုလုပ်နေကြပြီ ဖြစ်ပါတယ်။ မန်စီးတီး အသင်းဟာ အခုနှစ်ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ဖို့ဆိုရင် နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အက်စတွန်ဗီလာနဲ့ ပွဲမှာ အနိုင်ရယူနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

Source: The Sun