CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၇

လီဗာပူးလ်အသင်းဟာ ယူနိုက်တက်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ဂတ်ခ်ပိုကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပြီလို့ ပီအက်စ်ဗွီအသင်းက အတည်ပြုလိုက်ပါတယ်။

ဂတ်ခ်ပိုဟာ လီဗာပူးလ်အသင်းနဲ့ ၆ နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး ပြောင်းရွှေ့ကြေးက ယူရိုသန်း ၄၀ နဲ့ ၅၀ ကြားမှာ ရှိတယ်လို့ သိရပါတယ်။ပီအက်စ်ဗွီအသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်လာမယ့် ဂတ်ခ်ပိုဟာ အပြောင်း အရွှေ့အပြီးသတ်ဖို့အတွက် အင်္ဂလန်ကို လာရောက်မှာဖြစ်တယ်လို့ ဒတ်ချ်ကလပ်က ပြောထားတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ အဓိကတိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဒီယတ်ဇ်နဲ့ ဂျိူတာတို့ ကာလကြာရှည် အနားယူ ရဖွယ်ရှိနေလို့ ဂတ်ခ်ပိုကို ခေါ်ပြီး တိုက်စစ်ပိုင်းကို အားဖြည့်ဖို့လုပ်ဆောင်ခဲ့တာပါ။ ယူနိုက်တက်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ကတည်းက နယ်သာလန်ကစားသမားကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အခုအချိန်မှာ ပရီးမီးယားလိဂ်ပြိုင်ဘက် လီဗာပူးလ်အသင်းက ကြားဖြတ်ခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။

ဂတ်ခ်ပိုဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်အတွက် ၃ ဂိုးသွင်းယူနိုင်ခဲ့ပြီး အထင်ကြီးဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်တွေကို ပြသခဲ့တာပါ။အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ဒီရာသီမှာ ပီအက်စ်ဗွီအသင်း အတွက် လိဂ်ပြိုင်ပွဲမှာ ၉ ဂိုးသွင်းပြီး ၁၂ ဂိုးဖန်တီးထားတာဖြစ်ပါတယ်။သူဟာ ယူရိုပါလိဂ် ၅ ပွဲကစားအပြီးမှာ ၃ ဂိုးသွင်းယူကာ ၂ ဂိုးဖန်တီးထားတာပါ။

လီဗာပူးလ်အသင်းဟာ ဘောက်ဆင်ဒေးပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အက်စတွန်ဗီလာအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး အမှတ်ပေးဇယားအဆင့် ၆ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်း နောက်ခံလူ ဗန်ဒိုက်က လက်ရွေးစင်အသင်းဖော် ဂတ်ခ်ပိုကို ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ချီးကျူးထားတာပါ။

ဗန်ဒိုက်က “သူဟာ အလွန်ကောင်းမွန်တဲ့ ကစားသမားဖြစ်ပြီး လေ့ကျင့်ရေးကွင်းမှာ မြင်နေရတဲ့အရာက ကွင်းထဲ မှာ မြင်နေရတဲ့အရာပါပဲ။သူဟာ အလားအလာတွေအများကြီးရှိတဲ့သူဖြစ်ပြီး ကျနော်တို့အတွက် ဒီလိုမျိုးတွေ ဆက်လက်ပြသနိုင်ဖို့ မျှော်လင့်ပါတယ်။သူ့အတွက် ကျနော်တို့ အလွန်ပျော်ရွှင်ပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Source:BBC