CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၉

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ၃ နှစ်အတွင်း ပထမဆုံးအကြိမ် ရာသီကြို ခရီးစဉ်မတိုင်ခင် ဘန်ကောက်ကို ရောက်ရှိ လာခဲ့ရာ ထိုင်းပရိသတ် အများအပြားက ကြိုဆို နှုတ်ဆက်ခဲ့ကြတယ်လို့ သိရပါတယ်။

ရော်နယ်ဒို မပါဝင်ပေမယ့် ကစားသမား ၃၁ ဦး ပါဝင်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ စနေနေ့က ထိုင်းမြို့တော် ဘန်ကောက်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ရာနဲ့ချီတဲ့ ထိုင်းပရိသတ်တွေဟာ လေဆိပ်မှာ ယူနိုက်တက်အသင်းကို ကြိုဆိုခဲ့ကြပါတယ်။ ပရိသတ်တွေဟာ ဂျာစီတွေ၊ ယူနိုက်တက် အမှတ်အသားပါ နဖူးစည်းတွေ၊ စာတန်းတွေကို ကိုင်ဆောင်ပြီးတော့ ကြိုဆိုခဲ့ကြပါတယ်။ ယူနိုက်တက် အသင်းဟာ အင်္ဂါနေ့ ဘန်ကောက်မှာ လီဗာပူးလ်အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဒီပွဲပြီးရင် သြစတြေးလျနိုင်ငံကို သွားရောက်ကာ မဲလ်ဘုန်းဗစ်ထရီ၊ ပဲလေစ့်၊ အက်စတွန်ဗီလာ အသင်းတို့နဲ့ ရာသီကြို ခြေစမ်း ပွဲ ခရီးစဉ်အဖြစ် ယှဉ်ပြိုင်မှာပါ။

လီဗာပူးလ်နဲ့ပွဲဟာ အဲရစ်တန်ဟတ်ရဲ့ ယူနိုက်တက်နည်းပြဘဝ ပထမဆုံးပွဲဖြစ်ပြီး အသင်းရဲ့ ခြေစွမ်းကို စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

မန်ယူအသင်းသားများကို ထိုင်းပရိသတ်များ ကြိုဆိုနေစဉ်

ရာသီကြို ခြေစမ်းပွဲအတွက် ယူနိုက်တက်အသင်းရဲ့ လူစာရင်းမှာ ပထမအသင်း ကစားသမားတွေဖြစ်တဲ့ ရော်နယ်ဒို၊ ဖီးလ် ဂျုံးစ်၊ ပါရဲရားနဲ့ ဘရန်ဒန်ဝီလျံတို့ မပါဝင်ခဲ့တာပါ။

ရော်နယ်ဒို ကတော့ မိသားစု ကိစ္စတွေကြောင့် ဒီခရီးစဉ်ကို မလိုက်ပါနိုင်ခဲ့တာ ဖြစ်သလို အသင်းက ထွက်ခွာခွင့်လည်း တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်၊ မက်ဂွဲယား စတဲ့ အဓိက ကစားသမား အများအပြား ပါဝင်ခဲ့ပြီး ဂါနာချို၊ ဇီဒိန်း၊ ချာလီဆားဗေ့ချ် စတဲ့ လူငယ် ကစားသမားတွေလည်း ပါဝင်ခဲ့ပါတယ်။

နွေရာသီ အပြောင်းအရွှေ့မှာ ပထမဆုံး ဝယ်ယူထားတဲ့ နောက်ခံလူ မာလာစီယာကလည်း ဒီခရီးစဉ်ကို လိုက်ပါခဲ့ပါတယ်။

ယူနိုက်တက် အသင်းဟာ လက်ရှိအချိန်မှာ လီဆန်ဒရို၊ အဲရစ်ဆန်နဲ့ ဒီဂျောင်တို့ရဲ့ အပြောင်းအရွှေ့အတွက်လည်း ဆက်လက် ကြိုးပမ်းနေပါတယ်။ အဲရစ်ဆန်ကိုတော့ ခေါ်ယူဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားပြီး လီဆန်ဒရိုကိုလည်း ခေါ်ယူဖို့ အခြေအနေ ကောင်းနေခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဒီခြေစမ်းပွဲတွေပြီးရင် အော်စလိုမှာ အသလက်တီကို မက်ဒရစ်၊ အိုးထရက်ဖို့ဒ်မှာ ဗယ်လက်ကာနို အသင်းတွေနဲ့ ခြေစမ်းပွဲတွေ ဆက်လက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၇ ရက်မှာ ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail