CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၁

ဂျိုကိုဗစ်ဟာ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ဝင်ဘယ်လ်ဒန်အိုးပန်းဗိုလ်လုပွဲမှာ ဂရိုင်ဂျီယို့စ်ကို အနိုင်ရပြီး အခုနှစ် အတွက် ပထမဆုံးဂရမ်းဆလမ်းချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဂျိုကိုဗစ်က “ဒီပြိုင်ပွဲဟာ ကျနော့်နှလုံးသားထဲမှာ အထူးခြားဆုံးပြိုင်ပွဲဖြစ်ခဲ့ပြီး အမြဲတမ်းလည်းဖြစ်လာမှာပါ။ ဝင်ဘယ်လ်ဒန်အိုးပန်းကို လာရောက်ကစားနိုင်ဖို့က ကျနော်အမြဲတမ်း အိမ်မက်မက်ခဲ့တဲ့အရာဖြစ်ပြီး ဒီဆုဖလား ကို ကိုင်မြှောက်နိုင်ဖို့ဆိုတာကလည်း ငယ်ဘဝကတည်းက အိပ်မက်ပါ။ဆုဖလားနဲ့အတူ ဒီမှာရပ်နေရတာကို အလွန်ဝမ်းမြောက်ပြီး ကျေးဇူးလည်းတင်ပါတယ်။ဝင်ဘယ်လ်ဒန်ရဲ့ သမိုင်းကြောင်းဟာ ကျနော့်ဘဝရဲ့ အရေး ကြီးတဲ့အဆင့်တွေမှာ ရောက်ရှိလာခဲ့ပါတယ်”လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဆားဘီးယားတင်းနစ်သမားဟာ ဗိုလ်လုပွဲမှာ ဂရိုင်ဂျီယို့စ်ကို ၄-၆ ၊ ၆-၃၊ ၆-၄၊ ၇-၆ နဲ့ အနိုင်ရပြီး ဝင်ဘယ်လ်ဒန် အိုးပန်းချန်ပီယံဆုကို ၄ ကြိမ်ဆက်တိုက်ရယူနိုင်ခဲ့တာပါ။ဂျိုကိုဗစ်အတွက်တော့ ဂရမ်းဆလမ်းချန်ပီယံဆုကို ၂၁ ကြိမ်မြောက်ရယူနိုင်ခဲ့တာဖြစ်ပြီး ဂရမ်းဆလမ်းအများဆုံး ကစားသမားဖြစ်တဲ့ ရာဖေးလ်နာဒယ်လ်နဲ့ ၁ ကြိမ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။ဆားဘီးယားတင်းနစ်သမားဟာ ဝင်ဘယ်လ်ဒန်အိုးပန်းချန်ပီယံဆုကို အခု ၁ ကြိမ် အပါအဝင် ၇ ကြိမ်မြောက်ရယူနိုင်ခဲ့တာပါ။

ဂျိုကိုဗစ်အတွက်တော့ ဝင်ဘယ်လ်ဒန်အိုးပန်း ချန်ပီယံဆုဟာ သူ့အတွက် အခုနှစ်မှာရရှိတဲ့ တစ်ခုတည်းသော ဂရမ်းဆလမ်းချန်ပီယံဆုလည်း ဖြစ်လာနိုင်တာပါ။သြစတြေးလျနဲ့ ပြင်သစ်အိုးပန်းမှာ ရာဖေးလ်နာဒယ်လ် ဗိုလ်စွဲ ထားပြီး လာမယ့် အမေရိကန်အိုးပန်းမှာ ကိုဗစ်ကာကွယ်ဆေးထိုးမထားတဲ့သူတွေကို ပိတ်ပင်ထားတာ ဖြစ်ပါ တယ်။အဲဒါကြောင့် ကိုဗစ်ကာကွယ်ဆေး မထိုးထားတဲ့ ဂျိုကိုဗစ်အတွက်တော့ အမေရိကန်အိုးပန်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာမဟုတ်ပါဘူး။ဂျိုကိုဗစ်ဟာ သြစတြေးလျအိုးပန်းပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့တုန်းက ပြည်နှင်ဒဏ်ပေးခံခဲ့ရတာပါ။

ဂျိုကိုဗစ်က “ကျနော်ကာကွယ်ဆေးလည်းမထိုးထားဘူး။ထိုးဖို့လည်း မစီစဉ်ထားပါဘူး။ဒါကြောင့် ကျနော် သိနိုင် တဲ့ တစ်ခုတည်းသော သတင်းကောင်းကတော့ သူတို့ဟာ အစိမ်းရောင်ကာကွယ်ဆေးကတ် ဒါမှမဟုတ် ကင်းလွတ်ခွင့်ကို ဖယ်ရှားနိုင်တယ်ဆိုတာပါပဲ။ဘယ်လိုကင်းလွတ်ခွင့်ရှိမလဲဆိုတာတော့ ကျနော်မသိပါဘူး။ အဲဒီအတွက် ကျနော့်မှာ အဖြေအများကြီးမရှိပါဘူး”လို့ ပြောခဲ့ပါတယ်။

ဂျိုကိုဗစ်ဟာ ကိုဗစ်ကာကွယ်ဆေးမထိုးထားတာကြောင့် အခုနှစ်အတွင်း ပြိုင်ပွဲအများအပြား ဝင်ရောက် ယှဉ်ပြိုင် ခွင့်မရခဲ့ဘဲ ကမ္ဘာ့အဆင့်ရပ်တည်မှုကလည်း ၇ အထိကျဆင်းသွားခဲ့တာဖြစ်ပါတယ်။

Source:BBC