CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁

နာဒယ်လ်ဟာ ပြင်သစ်အိုးပန်းပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပြိုင်ဘက်ကြီး ဂျိုကိုဗစ်ကို အနိုင်ယူပြီး ဆီမီး ဖိုင်နယ်ကို တက်ရောက်သွားပြီဖြစ်ပါတယ်။

ပြင်သစ်အိုးပန်းပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး တင်းနစ်ကစားသမားဖြစ်တဲ့ နာဒယ်လ်ဟာ ဒီပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ဂျိုကိုဗစ် ကို ၆-၂ /၄- ၆ /၆ -၂ /၇- ၆ နဲ့ အနိုင်ရရှိခဲ့ပြီး ဒီပွဲဟာ ၄ နာရီကျော် ကြာမြင့်ခဲ့တာလည်း ဖြစ်ပါတယ်။ ဂရမ်းဆလမ်း ချန်ပီယံဆုကို စံချိန်တင် ၂၁ ကြိမ် ရရှိထားတဲ့ နာဒယ်လ်ဟာ ဆီမီးဖိုင်နယ်မှာ ဇက်ဗာရက်ဗ်နဲ့ ယှဉ်ပြိုင်ရမှာပါ။

ဇက်ဗာရက်ဗ်ဟာ အယ်လ်ကာရတ်စ်ကို အနိုင်ယူပြီး ပြင်သစ်အိုးပန်းပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် အဆင့်ကို ၂ နှစ် ဆက် တိုက် တက်နိုင်ခဲ့တာဖြစ်ပါတယ်။

နာဒယ်လ်က “နိုဗတ်ကို အနိုင်ရဖို့က နည်းလမ်းတစ်ခုပဲ ရှိပါတယ်။အဲဒါကတော့ ပထမအမှတ်ကနေ အဆုံးအထိ အကောင်းဆုံးကစားနိုင်ဖို့ပါပဲ။ဒါဟာ ကျနော့်အတွက်တော့ မှော်ဆန်တဲ့ ညတွေထဲက တစ်ညပါပဲ”လို့ ပြောခဲ့တာ ပါ။နာဒယ်လ်ဟာ ပြီးခဲ့တဲ့နှစ်က ဒီပြိုင်ပွဲရဲ့ အကြိုဗိုလ်လုပွဲမှာ ဂျိုကိုဗစ်ကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ စပိန် တင်းနစ်ကစားသမားဟာ ဒီနိုင်ပွဲကြောင့် ပြင်သစ်အိုးပန်း မြေစေးကွင်းပြိုင်ပွဲမှာ ၁၁၃ ပွဲကစားထားရာ ၁၁၀ ပွဲ အနိုင်ရရှိခဲ့တာပါ။

နာဒယ်လ်နဲ့ ဂျိုကိုဗစ်တို့ ဟာ ဒီပွဲအပါအဝင် ပွဲပေါင်း ၅၉ ပွဲ ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး ဂျိုကိုဗစ်က ပွဲပေါင်း ၃၀ အနိုင်ရကာ နာဒယ်လ် က ၂၉ ပွဲ အနိုင်ရခဲ့တာဖြစ်ပါတယ်။ဂျိုကိုဗစ်က “နာဒယ်လ်က သူဟာ ဘာကြောင့် ချန်ပီယံဖြစ်ရလဲဆိုတာကို ပြသခဲ့ပြီး စိတ်ပိုင်းဆိုင်ရာလည်း အလွန်ကောင်းမွန်ပါတယ်။သူနဲ့ ထိုက်တန်တယ်ဆို တာကို သံသယမရှိပါဘူး။အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ သူဟာ ပိုကောင်းတဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။ သူဟာ ကောင်းမွန်စွာစတင်နိုင်ခဲ့ပေမယ့် ကျနော်ကတော့ မစတင်နိုင်ခဲ့ဘူး”လို့ ပွဲအပြီးမှာ ပြောခဲ့တာဖြစ်ပါတယ်။

နာဒယ်လ်ဟာ မြေစေးကွင်းဘုရင်လို့ သတ်မှတ်ခံရတဲ့အထိ ပြင်သစ်အိုးပန်းပြိုင်ပွဲမှာ ချန်ပီယံဆုကို ၁၃ ကြိမ် ရယူ နိုင်ခဲ့တာဖြစ်ပြီး ၁၄ ကြိမ်မြောက် ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

Source:BBC