CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၂

ကာကွယ်ဆေး မထိုးရသေးတဲ့ ကစားသမားတွေအတွက် ခရီးသွားခြင်းဆိုင်ရာ အမေရိကန်အစိုးရ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို လေးစားမယ်လို့ ပွဲစီစဉ်သူတွေက ပြောခဲ့တာကြောင့် ဂျိုကိုဗစ်ဟာ အမေရိကန်အိုးပန်းမှာ ပါဝင်ကစားဖို့ မဖြစ်နိုင်ဘူးလို့ သိရပါတယ်။

အမေရိကန်နိုင်ငံအတွင်းကို နိုင်ငံသားမဟုတ်တဲ့ သူတွေ ဝင်ရောက်မယ်ဆိုရင် ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါတယ်။ ဂျိုကိုဗစ် ဟာ ကာကွယ်ဆေး မထိုးရသေးတာကြောင့် အခုနှစ် အစောပိုင်းက ကျင်းပခဲ့တဲ့ သြစတြေးလျအိုးပန်း ပြိုင်ပွဲကို ကစားခွင့် မရခဲ့ပါဘူး။

အသက် ၃၅ နှစ်အရွယ်ရှိ ဆားဘီးယား တင်းနစ်သမားဟာ ဇူလိုင်လက ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင် ခဲ့ပြီး သူကလည်း သတင်းကောင်း တစ်ခုကို စောင့်မျှော်နေမယ်လို့ ပြောခဲ့ပါတယ်။

အမေရိကန် အိုးပန်းပြိုင်ပွဲကို နယူးယေ့ာခ်မှာ သြဂုတ်လ ၂၉ ရက်ကနေ စက်တင်ဘာလ ၁၁ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဂျိုကိုဗစ်ကိုတွေ့ရစဉ်(Tennis World)

အမေရိကန်အိုးပန်း ချန်ပီယံဆုကို ၃ ကြိမ် ရရှိထားတဲ့ ဂျိုကိုဗစ်ဟာ အခုနှစ်ရဲ့ နောက်ဆုံးဂရမ်း ဆလမ်းပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရတဲ့ ကစားသမား စာရင်းထဲမှာ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရ ကစားသမားစာရင်းမှာ ပါဝင်ပေမယ့် ကစားခွင့်ပြုမယ်လို့ ကြေညာထားတာ မဟုတ်ပါဘူး။

ဂျိုကိုဗစ်ဟာ ကိုဗစ် ကာကွယ်ဆေး ထိုးမှာ မဟုတ်ဘူးလို့ သူ့ရဲ့ ရပ်တည်ချက်ကို ပြတ်ပြတ်သားသား ပြောခဲ့တာပါ။ အဲ့ဒါ ကြောင့်လည်း ပြိုင်ပွဲအများအပြားကို ယှဉ်ပြိုင်ခွင့် မရခဲ့ဘဲ ကမ္ဘာ့အဆင့် ရပ်တည်မှုလည်း ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

ဆားဘီးယား တင်းနစ်သမားဟာ ပြီးခဲ့တဲ့ ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပေမယ့် ရမှတ်တွေကို ထည့်မတွက် တာကြောင့် ကမ္ဘာ့အဆင့် ၇ နေရာမှာသာ ရပ်တည်ခဲ့ပါတယ်။ ဝင်ဘယ်လ်ဒန် အိုးပန်းဟာ ရုရှားနဲ့ ဘယ်လာရုစ် ကစားသမား တွေကို ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားတာကြောင့် ATP က ရမှတ်တွေကို ထည့်တွက်မှာ မဟုတ်ဘူးလို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဂျိုကိုဗစ်ဟာ လက်ရှိအချိန်မှာ ဂရမ်းဆလမ်းဆုဖလား ၂၁ ကြိမ်အထိ ရရှိထားပြီး သူ့ရဲ့ အထက်မှာ ရာဖေးလ်နာဒယ်လ်က ၂၂ ကြိမ်နဲ့ ၁ ကြိမ် အသာ ရထားတာပါ။

Source: BBC