CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၃

ဂျိုကိုဗစ်ဟာ အခုနှစ်ရာသီ ဂရမ်းဆလမ်းပြိုင်ပွဲ ၄ ပွဲမှာ ၂ ပွဲက ကိုဗစ်ကာကွယ်ဆေးမထိုးခဲ့လို့ မပါဝင် နိုင်ခဲ့ပေမယ့် သူ့ရဲ့ ဆုံးဖြတ်ချက်အတွက် နောင်တမရဘူးလို့ ပြောလိုက်ပါတယ်။

ဂျိုကိုဗစ်က “ကာကွယ်ဆေးမထိုးလို့ ကျနော်နောင်တရစရာမရှိပါဘူး။ မကစားနိုင်ခဲ့လို့တော့ ကျနော် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ဒါပေမယ့် ဒါတွေကို ကျနော်ဆုံးဖြတ်ခဲ့တယ်ဆိုတာ ခင်ဗျားတို့လည်း သိနေတာပါပဲ။ဘာတွေအကျိုးဆက်ဖြစ်လာမလဲဆိုတာလည်း သိပါတယ်။ဒါတွေကို ကျနော်လက်ခံ တယ်။ဒါပါပဲ” လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။

ဆားဘီးယားတင်းနစ်သမားဟာ ၂၀၂၁ မှာ သြစတြေးလျအိုးပန်း၊ ပြင်သစ်အိုးပန်းနဲ့ ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲတွေမှာ ချန်ပီယံဆုရခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ကိုဗစ်ကာကွယ်ဆေး မထိုးလို့ သြစတြေးလျနိုင်ငံကနေ ပြည်နှင်ဒဏ်ပေးခံရတာကြောင့် ချန်ပီယံဆုကို ကာကွယ်ခွင့်မရတော့ပါဘူး။ ဂျိုကိုဗစ်ဟာ ရာသီနောက်ဆုံးပိတ် ဂရမ်းဆလမ်းပြိုင်ပွဲဖြစ်တဲ့ အမေရိကန်အိုးပန်းပြိုင်ပွဲကိုလည်း ယှဉ်ပြိုင်ခွင့် မရခဲ့ပါဘူး။

အသက် ၃၅ နှစ်အရွယ်ရှိ ဂျိုကိုဗစ်ဟာ ဂရမ်းဆလမ်းချန်ပီယံဆု ၂၁ ကြိမ်အထိ ရရှိထားတာပါ။ ဂျိုကိုဗစ်ဟာ သြစတြေးလျနိုင်ငံကနေ ပြည်နှင်ဒဏ်ခံရချိန်မှာ ခရီးသွားလာခွင့် ၃ နှစ်ပိတ်ပင်ခံရပေမယ့် ဝန်ကြီးချုပ် စကော့မော်ရစ်ဆန်က အဓိကပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် ခွင့်ပြုနိုင်တယ်လို့ နောက်ပိုင်းမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ဂျိုကိုဗစ်က “ကျနော်သတင်းတွေကို စောင့်မျှော်နေတာပါ။အခုက ကျနော့်လက်ထဲမှာ မရှိသေးပါဘူး။ မကြာခင်မှာ အပေါင်းလက္ခဏာဆောင်တဲ့ သတင်းတွေကို ရရှိနိုင်ဖို့ မျှော်လင့်တယ်”လို့ ပြောခဲ့တာပါ။ ဆားဘီးယားတင်းနစ်သမားဟာ လက်ရှိအချိန်မှာ ဖက်ဒဲရားကို နှုတ်ဆက်မယ့် Laver Cup ပြိုင်ပွဲ အတွက် လန်ဒန်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

Source:Reuters