CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၁

မန်စီးတီးအသင်း တိုက်စစ်မှူးသစ်ဖြစ်တဲ့ ဟာလန်းဟာ ပရိသတ်တွေနဲ့ တရားဝင် မိတ်ဆက်ပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ရင်ဆိုင်ချင်ဆုံး ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ပေါင် ၅၁.၄ သန်းနဲ့ ဒေါ့မွန်ကနေ ခေါ်ယူထားတဲ့ ဟာလန်း အပါအဝင် အခုနွေရာသီမှာ ခေါ်ယူထားတဲ့ ကစားသမားတွေကို မိတ်ဆက်ပေးတဲ့ပွဲမှာ ပရိသတ် ထောင်ပေါင်းများစွာ လာရောက်ကြည့်ရှု ခဲ့ကြပါတယ်။

ဒီအချိန်မှာ ဘယ်အသင်းနဲ့ အရင်ဆိုင်ချင်ဆုံးလဲလို့ ဟာလန်း မေးမြန်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဟာလန်းက “ကျနော်စကားတွေ အများကြီးပြောရတာ မကြိုက်ပါဘူး။ မန်ချက်စတာယူနိုက်တက်ပါ” လို့ ပြန်လည် ဖြေဆိုခဲ့တာပါ။ ဟာလန်းရဲ့ အဖြေကို မန်စီးတီးအသင်း ပရိသတ်တွေ သဘောကျခဲ့ပါတယ်။

ဟာလန်းကို ခေါ်ယူဖို့ ယူနိုက်တက် အသင်းကလည်း စိတ်ဝင်စားခဲ့ပြီး ကြိုးစားခဲ့ပေမယ့် ကစားသမားက သူ့ရဲ့ဖခင် ကစားခဲ့တဲ့ မန်စီးတီးအသင်းမှာ ကစားဖို့ ဆုံးဖြတ်ခဲ့တာပါ။

မန်စီးတီးက ကစားသမား အသစ်တွေနဲ့ ပရိသတ်ကို မိတ်ဆက်ပေး (Mancity)

ဟာလန်းရဲ့ မန်စီးတီး အပြောင်းအရွှေ့မှာ ဖခင်ဖြစ်သူက ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။ မန်စီးတီးအသင်းနဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုခဲ့တဲ့ ဟာလန်းဟာ ကျောနံပတ် ၉ ဂျာစီ ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။

ဟာလန်းက “ဂွာဒီယိုလာ ကိုင်တွယ်ခဲ့တဲ့ ၂၀၁၆ ကတည်းက မန်စီးတီးအသင်းကို စောင့်ကြည့်နေခဲ့တာဖြစ်လို့ သူတို့ရဲ့ ကစားပုံကို အတိအကျ သိပါတယ်။ သူတို့နဲ့ မနှစ်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားခဲ့ရပါတယ်။ တီဗွီမှာ တွေ့တာနဲ့ အပြင်မှာ ဆုံတာတွေက လုံးဝကွာခြားပါတယ်။ ကျနော်ဆို ဘောလုံးကို ၂၅ မိနစ်ကြာ ထိခွင့် မရခဲ့ပါဘူး။ သူတို့ရဲ့ ကစားပုံက ခြားနားတဲ့ အဆင့်တစ်ခုမှာ ရှိနေပြီး အဲ့ဒီမှာ အစိတ်အပိုင်းအနေနဲ့ ကျနော် ပါဝင်ချင်တာပါ။ မန်စီးတီးအတွက် ကစားချင်တဲ့ ခံစားချက်မျိုး ရှိခဲ့ဖူးပါတယ်”လို့ ပြောပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိ ဟာလန်းဟာ ဂိုးသွင်းနှုန်း အားကောင်းမွန်တဲ့ တိုက်စစ်မှူးဖြစ်ပြီး ဥရောပထိပ်တန်း အသင်းကြီးတွေ အားလုံးနီးပါး လိုချင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဟာလန်းဟာဆိုရင် ဒေါ့မွန်အသင်းအတွက် ကစားခဲ့တုန်းက ၈၉ ပွဲမှာ ၈၆ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။ အဲ့ဒါကြောင့်လည်း မန်စီးတီးအသင်းက စာချုပ်ဖျက်သိမ်းကြေးပေးပြီး လျင်လျင်မြန်မြန် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး အယ်လ်ဗားရတ်စ်၊ ဂိုးသမား အော်တီဂါတို့ကိုလည်း ပရိသတ်တွေထံ မိတ်ဆက်ပေးခဲ့ပြီး ကွင်းလယ်လူသစ် ကယ်လ်ဗင်ဖိလစ်ကတော့ ကျန်းမာရေး အခြေအနေကြောင့် ဒီပွဲကို လာရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။

Source: The Sun