CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၁

ဒါဘီအသင်းနည်းပြဟောင်း ဝိန်းရွန်နီဟာ အမေရိကန်မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်း နည်းပြ ဖြစ်လာ ဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့ မီဒီယာအများအပြားက ဖော်ပြလိုက်ပါတယ်။

ဒီစီယူနိုက်တက်အသင်းမှာ ၂၀၁၈ ကနေ ၂၀၂၀ အထိ ကစားခဲ့တဲ့ ဝိန်းရွန်နီဟာ ပြီးခဲ့တဲ့လကမှ ဒါဘီအသင်း နည်းပြရာထူးကနေ နုတ်ထွက်ထားခဲ့တာပါ။ဒါဘီအသင်းဟာ ဘဏ္ဍာရေးအခက်အခဲတွေကြောင့် အမှတ်တွေ အနုတ်ခံခဲ့ရပြီး ချန်ပီယံရှစ်ကနေ လိဂ်ဝမ်းကို တန်းဆင်းခဲ့တာဖြစ်ပါတယ်။

ဝိန်းရွန်နီဟာ ဒီစီယူနိုက်တက်နဲ့ ပြီးခဲ့တဲ့ အပတ်ထဲမှာ စကားပြောခဲ့တာဖြစ်ပြီး ယာယီနည်းပြ ချက်ဒ်အက်ရှ်တန်ရဲ့နေရာမှာ အစားထိုးဝင်ရောက် ကိုင်တွယ် ရမှာပါ။

ESPN ကတော့ ဝိန်းရွန်နီဟာ မေဂျာလိဂ်ကလပ်ကို ကိုင်တွယ်ဖို့ နောက်ဆုံးအသေးစိတ်အချက်အလက်တွေကို အပြီးသတ်နေပြီး အလုပ်လုပ်ခွင့်ဗီဇာရရှိပြီးတာနဲ့ ပူးပေါင်းမယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒီစီယူနိုက်တက်အသင်းဟာ မေဂျာလိဂ်ပြိုင်ပွဲရဲ့ အရှေ့ပိုင်းဇုန်မှာ ၁၇ ပွဲကစားအပြီး ရမှတ် ၁၇ မှတ်နဲ့ အမှတ်ပေးဇယား အောက်ဆုံး ဒုတိယ နေရာမှာ ရပ်တည်နေခဲ့တာပါ။နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာဆိုရင် ဒီစီယူနိုက်တက်အသင်းဟာ ဖီလာဒဲလ်ဖီးယား အသင်းကို ၇ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

 ဝိန်းရွန်နီဟာ ဒီစီယူနိုက်တက်အသင်းမှာ ကစားခဲ့တုန်းက ပွဲပေါင်း ၅၂ ပွဲမှာ ၂၅ ဂိုးသွင်းယူနိုင်ခဲ့တာပါ။ အင်္ဂလန် ကစားသမားဟောင်းဟာ ဒီစီယူနိုက်တက်ကနေ ဒါဘီအသင်းကို ကစားသမားနည်းပြအဖြစ် ပြောင်းခဲ့ပြီး နောက်ပိုင်းမှာ တရားဝင်နည်းပြအဖြစ် ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။

ဝိန်းရွန်နီဟာ ဒါဘီအသင်းကို နည်းပြအဖြစ် ပွဲပေါင်း ၈၅ ပွဲ ကိုင်တွယ်ခဲ့ရာ ၂၄ ပွဲအနိုင်၊ ၂၂ ပွဲသရေ၊ ၃၉ ပွဲရှုံးနဲ့ အနိုင်ရာခိုင်နှုန်း ၂၈.၂ ရာခိုင်နှုန်းပဲ ရှိခဲ့တယ်လို့ အချက်အလက်တွေအရ သိရတာပါ။

ဝိန်းရွန်နီဟာ ကစားသမားဘဝမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ် ၅ ကြိမ်၊ ချန်ပီယံ လိဂ် နဲ့ ယူရိုပါလိဂ် ၁ ကြိမ်စီအပါအဝင် ဆုဖလားအောင်မြင်မှုအများအပြားရယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီစီယူနိုက်တက်အသင်းဟာ လာမယ့်ပွဲစဉ်တွေအဖြစ် ဇူလိုင် ၁၄ ရက်မှာ ကိုလံ ဘတ်စ်၊ ၁၇ ရက်မှာ မင်နက်ဆိုတာအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ChannleNewsAsia