CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၁

ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းနဲ့ ၂ နှစ် စာချုပ်ချုပ်ပြီး လစာလျှော့ယူဖို့ သဘောတူညီခဲ့တယ်လို့ နိုင်ငံတကာ အားကစား သတင်းတွေက ဖော်ပြလိုက်ပါတယ်။

ဒမ်ဘီလီနဲ့ ဘာစီလိုနာ အသင်းတို့ဟာ စာချုပ်သက်တမ်းတိုးဖို့ နှစ်ဦးနှစ်ဖက် သဘောတူညီမှု မရရှိခဲ့လို့ ပြီးခဲ့တဲ့ ဇွန်လ အကုန် မှာ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့တာပါ။

အဲ့ဒါကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရမယ့် ဒမ်ဘီလီကို ပီအက်စ်ဂျီနဲ့ ချယ်လ်ဆီးအသင်းတို့က စိတ်ဝင်စား လာတာနဲ့အတူ အပြောင်းအရွှေ့ ထင်ကြေးတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် ကစား သမားက ဘာစီလိုနာမှာ ဆက်နေချင်တာကြောင့် နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိဖို့ လုပ်ဆောင်လာခဲ့ရတာပါ။
အီတလီ နာမည်ကြီး ဂျာနယ်လစ် ဖာဘရီဇီယိုရိုမန်နိုက ဒမ်ဘီလီဟာ စာချုပ်ပါ အချက်အလက်အားလုံးကို လက်ခံခဲ့ပြီး ၂၀၂၄ အထိ သက်တမ်းရှိ စာချုပ်ချုပ်ဆိုမှာ ဖြစ်သလို ဘာစီလိုနာရဲ့ ဘဏ္ဍာရေးအခက်အခဲကြောင့် လစာလျှော့ယူရမယ်လို့ ဖော်ပြခဲ့ ပါတယ်။

ဇာဗီနဲ့ ဒမ်ဘီလီကို တွေ့ရစဉ် (Barca Blaugranes)

ဘာစီလိုနာအသင်းနည်းပြ ဇာဗီကိုယ်တိုင်က ဒမ်ဘီလီကို အသင်းမှာ ဆက်ထိန်းသိမ်းနိုင်ဖို့ ကြိုးစားခဲ့ပြီး အခုရက်သတ္တပတ် မကုန်ခင်မှာ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ကြောင်း ကြေညာဖွယ်ရှိနေပါတယ်။

ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းမှာ အရင်ကရခဲ့တဲ့ လုပ်ခလစာ ယူရို ၆ သန်းကို နှစ်ဆ အလိုရှိခဲ့ပေမယ့် ဘဏ္ဍာရေး အခြေအနေတွေကြောင့် မဖြစ်နိုင်တော့တာကို လက်ခံခဲ့ပါတယ်။

ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့က ဘာစီလိုနာ အသင်းကနေ ထွက်ခွာချင်တယ်လို့ ပြောခဲ့ပေမယ့် နည်းပြ ဇာဗီက သူ့ရဲ့အကောင်းဆုံးပုံစံ ပြန်ရအောင် ရှာဖွေပေးနိုင်ခဲ့လို့ ရာသီအကုန်ထိ ဆက်ရှိခဲ့တာပါ။

ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာ အသင်းအတွက် ၃၂ ပွဲ ပါဝင်ကစားခဲ့ပြီး ၂ ဂိုး သွင်းယူကာ ၁၃ ဂိုး ဖန်တီးနိုင်ခဲ့ပါတ ယ်။ ဘာစီလိုနာ အသင်းကို ၂၀၁၇ က ဒေါ့မွန်ကနေ ရောက်ရှိလာခဲ့တဲ့ ဒမ်ဘီလီဟာ ဒဏ်ရာတွေကြောင့် မကြာခဏ ဆိုသလို အနားယူနေခဲ့ရပြီး အသင်းအတွက် စုစုပေါင်း ၁၄၉ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ကာ ၃၂ ဂိုးသွင်းပြီး ၃၄ ဂိုး ဖန်တီးနိုင်ခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဆုဖလားလက်မဲ့ ဖြစ်ခဲ့တာကြောင့် အခုရာသီမှာ အသင်းလူစာရင်း တောင့်တင်း အောင် ကတ်ဆီနဲ့ ခရစ်တန်ဆန်တို့ကို အားဖြည့်ထားပါတယ်။ ဒါ့အပြင် လီဝန်ဒေါစကီးနဲ့ ရာဖင်ဟာတို့ကိုလည်း ခေါ်ယူနိုင်ဖို့ ကြိုးစားလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Source: Sportsmole