CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၀

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ အီရန်အသင်းကို အနိုင်ရပြီး ၁၆ သင်းအဆင့် တက်ရောက်နိုင်ခဲ့တဲ့ လက်ရွေးစင်အသင်းကို ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

ဂျိုးဘိုင်ဒန်က “အမေရိကန်၊ အမေရိကန် ဒါက ကြီးမားတဲ့ပွဲပါပဲ။နည်းပြနဲ့ ကစားသမားတွေကို စကားပြောတဲ့ အချိန်တုန်းက မင်းတို့လုပ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။အခုတော့ သူတို့လုပ်နိုင်ခဲ့ပါပြီ။ဘုရားသခင်က သူတို့ကို ချစ်ကြပါတယ်” လို့ မီရှီဂန်မှာရှိတဲ့ လူအုပ်ကြီးကို ပြောခဲ့တာပါ။

အမေရိကန်အသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အီရန်အသင်းနဲ့ ကစားခဲ့တာမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိ ခဲ့တာဖြစ်ပါတယ်။အမေရိကန်အတွက်သွင်းဂိုးကို ပူလီဆစ်က သွင်းယူခဲ့တာပါ။အမေရိကန်အသင်းဟာ ဒီနိုင်ပွဲ ကြောင့် အုပ်စုတွင်း ၃ ပွဲကစားပြီးချိန်မှာ ၁ ပွဲနိုင် ၂ ပွဲသရေ ရမှတ် ၅ မှတ်ရရှိကာ အုပ်စုတွင်း ဒုတိယနဲ့ ၁၆ သင်း အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ပြိုင်ပွဲမှာ ခြေစစ်ပွဲမအောင်လို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရခဲ့ပေမယ့် ၂၀၂၂ ပြိုင်ပွဲမှာတော့ ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာပါ။အမေရိကန်အသင်းတိုက်စစ်မှူး တီမိုသီဝီယာ့က အီရန် အသင်းကို သူတို့အနိုင်ရမယ်ဆိုတာ ဘယ်သူကမှ မယုံကြည်ခဲ့ကြဘူးလို့ ပြောခဲ့ပါတယ်။

တီမိုသီဝီယာ့က “ကျနော်အမြဲတမ်းပြောနေတဲ့အရာက ကျနော်တို့ဟာ ကမ္ဘာကြီးကို အမြဲတမ်း ဆန့်ကျင်နေတာ ပါ။အမေရိကန်က ဘောလုံးကို ကောင်းမွန်စွာကစားတယ်ဆိုတာကို ဘယ်သူကမှ မယုံကြည်ကြပါဘူး။ ကျနော် တို့က ဒါကို ကမ္ဘာကြီးကို ချပြနိုင်ဖို့ ကြိုးစားနေတယ်” လို့ FOX ကို ပြောခဲ့တာဖြစ်ပါတယ်။

အမေရိကန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်ပွဲစဉ်အဖြစ် ဒီဇင်ဘာလ ၃ ရက်မှာ နယ်သာလန် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Goal