CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၉

တိုက်ဂါးဝုဒ်ဟာ သူ့ရဲ့ ညာဘက်ခြေထောက် ပြဿနာကြောင့် လာမယ့်လ ဘဟားမားစ်မှာ ကျင်းပမယ့် Hero World Challenge ပြိုင်ပွဲကို ပါဝင်ကစားနိုင်မှာ မဟုတ်ဘူးလို့ ကြေညာလိုက်ပါတယ်။

တိုက်ဂါးဝုဒ်က “ ညာဘက်ခြေထောက် နာကျင်ကိုက်ခဲနေရတဲ့ အခြေအနေကြောင့် လမ်းလျှောက်ရ ခက်နေ ပါတယ်။ ဆရာဝန်တွေနဲ့ တိုင်ပင်အပြီးမှာ ဒီပြိုင်ပွဲကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျနော့်ရဲ့ တာဝန် တွေကို ဆက်ပြီး အာရုံစိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျနော့်ရဲ့ အစီအစဉ်ကတော့ The Match နဲ့ PNC ချန်ပီယံ ရှစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရှိပါတယ်”လို့ ပြောခဲ့တာပါ။

အသက် ၄၆ နှစ်အရွယ်ရှိ တိုက်ဂါးဝုဒ်ဟာ ဇူလိုင်လက ကျင်းပခဲ့တဲ့ The Open Championship ပြိုင်ပွဲ ပြီးကတည်းက ဂေါ့ဖ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခြင်း မရှိတော့ပါဘူး။

Hero World Challenge ပြိုင်ပွဲမှာ တိုက်ဂါးဝုဒ်ဟာ ၂၀၀၁၊ ၂၀၀၄၊ ၂၀၀၆၊ ၂၀၀၇ နဲ့ ၂၀၁၁ ပြိုင်ပွဲတွေမှာ ဗိုလ်စွဲခဲ့ပြီး ချန်ပီယံဆု ၅ ကြိမ် ရရှိထားတာ ဖြစ်ပါတယ်။ အခုနှစ် ပြိုင်ပွဲကို နိုဝင်ဘာလ ၂၈ ရက်ကနေ ဒီဇင်ဘာလ ၄ ရက် အထိ ကျင်းပသွားမှာပါ။

တိုက်ဂါးဝုဒ်ကို တွေ့ရစဉ် (TSN)

တိုက်ဂါးဝုဒ်ဟာ ဒီဇင်ဘာလ ၁၀ ရက် ဖလော်ရီဒါမှာ ကျင်းပမယ့် The Match ပြိုင်ပွဲမှာတော့ မက်အီရွိုင်းနဲ့ တွဲဖက်ပြီး ဂျော်ဒန်စပိဒ်၊ ဂျက်စတင် သောမတ်စ်တို့နဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

တိုက်ဂါးဝုဒ်ဟာဆိုရင် အခုနှစ် မာစတာပြိုင်ပွဲမှာ အဆင့် ၄၇ နေရာနဲ့ အဆုံးသတ်ခဲ့ရပြီး တတိယအဆင့် ပြိုင်ပွဲ အပြီးမှာ အမေရိကန် ပီဂျီအေ ပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့ရတာ ဖြစ်ပါတယ်။

ကမ္ဘာ့နံပါတ်(၁) ဂေါ့ဖ်ကစားသမားဟောင်း တိုက်ဂါးဝုဒ်ဟာ ကစားသမားဘဝမှာ အဓိကချန်ပီယံဆု ၁၅ ကြိမ် ရရှိခဲ့တာ အပါအဝင် ဆုဖလား အောင်မြင်မှု အများအပြား ရရှိခဲ့တာပါ။

တိုက်ဂါးဝုဒ်ဟာ ပြင်းထန်တဲ့ ကားတိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း ဂေါ့ဖ်ပြိုင်ပွဲမှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင် ယှဉ်ပြိုင် နိုင်ဖို့ ရုန်းကန်နေရပြီး အောင်မြင်မှုတွေနဲ့ ဝေးကွာနေတာ ဖြစ်ပါတယ်။

Source: BBC