CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၂၀

ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ကာတာနိုင်ငံမှာ ကျင်းပမယ့် အမျိုးသားကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အမျိုးသမီး ဒိုင်လူကြီးတွေ တာဝန်ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံက ဖရာပတ်၊ ရဝမ်ဒါ နိုင်ငံက မူကန်ဆန်ဂါ နဲ့ ဂျပန်နိုင်ငံက ယာမာရှီတ တို့ဟာ (၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲကို ကိုင်တွယ်ဖို့ ရွေးချယ်ခံခဲ့ရတဲ့ အမျိုးသမီး ဒိုင်လူကြီးတွေပါ။ သူတို့ကို အမျိုးသမီး စည်းကြပ်ဒိုင် ၃ ဦးက ပံ့ပိုးပေးမှာ ဖြစ်ပါ တယ်။

ပရီးမီးယားလိဂ် ဒိုင်လူကြီးတွေဖြစ်တဲ့ မိုက်ကယ်အိုလီဗာနဲ့ အန်သိုနီတေလာ တို့ကလည်း ဒီပြိုင်ပွဲအတွက် ရွေးချယ် ခံခဲ့ရ တာပါ။

ကမ္ဘာ့ဖလား ပြိုင်ပွဲကို နိုဝင်ဘာ ၂၁ ရက်မှာ စတင် ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲအတွက် ဒိုင်လူကြီး ၃၆ ဦး၊ စည်းကြပ် ဒိုင် လူကြီး ၆၉ ဦး၊ ဗွီဒီယို ဒိုင်လူကြီး ၂၄ ဦးတို့ကို ရွေးချယ်ခဲ့တာပါ။

ဖီဖာ ဒိုင်လူကြီးများ ကော်မတီဥက္ကဌ ကော်လီနာက “ အမြဲတမ်းအနေနဲ့ ကျနော်တို့ သုံးတဲ့ စံနှုန်းတွေမှာ အရည်အသွေးက ပထမဖြစ်ပြီး ရွေးချယ်ခံရတဲ့ တာဝန်ရှိသူတွေက ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အမြင့်ဆုံး ဒိုင်လူကြီးတွေကို ကိုယ်စားပြုပါတယ်။ အမျိုးသား ပြိုင်ပွဲကြီးတွေမှာ အမျိုးသမီး ဒိုင်လူကြီးတွေကို ရွေးချယ်တာက သာမန်အရာ တစ်ခုသာဖြစ်ပြီး စိတ်လှုပ်ရှားစရာ မဟုတ်တော့ဘူး ဆိုတာဖြစ်ဖို့ အနာဂတ်မှာ ကျနော် မျှော်လင့်ထားပါတယ်”လို့ ပြောခဲ့ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားမှာ ကိုင်တွယ်ဖို့ ရွေးချယ်ခံရတဲ့ အမျိုးသမီး ဒိုင်လူကြီး သုံးဦး(SPORTbible)

ဒါ့အပြင် ကော်လီနာ က “ အခုရွေးချယ်လိုက်တဲ့ အမျိုးသမီး ဒိုင်လူကြီးတွေနဲ့အတူ ကျနော်တို့ အလွန်ပျော်ရွှင်ပါတယ်။ ဖီဖာ ကမ္ဘာ့ဖလားသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီး ဒိုင်လူကြီးတွေကို ကျနော်တို့ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဖီဖာ အမျိုးသား အငယ်တန်းနဲ့ အကြီးတန်း ပြိုင်ပွဲတွေမှာ အမျိုးသမီး ဒိုင်လူကြီးတွေကို တာဝန်ယူ ခိုင်းတာနဲ့အတူ နှစ်ပေါင်းများစွာက စတင် ခဲ့တဲ့ ရှည်လျားတဲ့ လုပ်ငန်းစဉ်ကို အဆုံးသတ်လိုက်ပါတယ်။ ကျနော်တို့ဟာ ကျား၊မ မခွဲခြားဘဲ အရည်အသွေးကိုသာ အဓိက အလေးထားပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

(၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ပြင်သစ်နဲ့ ခရိုအေးရှားတို့ ပွဲစဉ်ကို ကိုင်တွယ်ခဲ့တဲ့ အာဂျင်တီးနား ဒိုင်လူကြီး ပီတာနာ ကတော့ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဒိုင်လူကြီးစာရင်းမှာ ပါဝင်လာခြင်း မရှိတာပါ။ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံကတော့ ပြင်သစ်အသင်း ဖြစ်ပါတယ်။

Source: BBC/Goal