CNI Sport News

၂၀၂၂ ခုနှစ်၊ မေ ၂၀

ကွင်းလယ်ကစားသမား ကန်တီဟာ ချယ်လ်ဆီးအသင်းရဲ့ ဆာလတ်၊ဘတ်ပီနဲ့ ဗန်ဒိုက်တို့ဖြစ်တယ်လို့ နည်းပြ ဖြစ်သူ တူချယ်လ်က ပြောလိုက်ပါတယ်။

တူချယ်လ်က “ကန်တီက ကျနော်တို့ရဲ့ အဓိကကစားသမားလို့ ထင်ပါတယ်။ဒါပေမယ့် အဓိက ကစားသမားတွေက ကွင်းထဲမှာ ရှိနေဖို့ လိုပါတယ်။သူဟာ ပွဲတွေရဲ့(၄၀)ရာခိုင်နှုန်းပဲ ကစားခဲ့ရပေမယ့် တတိယနေရာ ရောက် သွားအောင် အံအားသင့်ဖွယ်လုပ်ပေးခဲ့ပါတယ်။သူဟာ ကျနော်တို့ရဲ့ ဆာလတ်၊ကျနော်တို့ရဲ့ ဗန်ဒိုက်နဲ့ ကျနော် တို့ရဲ့ ဒီဘရိုင်းပါ။ သူက ရိုးရှင်းတဲ့ ကစားသမားဖြစ်ပြီး ကျနော်တို့ရဲ့ နေမာ၊ကျနော်တို့ရဲ့ ဘတ်ပီပါပဲ။သူဟာ ကွဲပြားခြားနားတဲ့ အရာတွေကို ဖန်တီးတတ်တဲ့သူဖြစ်ပြီး သူ့မှာ (၄၀) ရာခိုင်နှုန်းသာရှိမယ်ဆိုရင် ဒါက ကြီးမားတဲ့ ပြဿနာပါ ”လို့ ပြောခဲ့ပါတယ်။

ချယ်လ်ဆီး အသင်းဟာ လက်စတာအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၃ နေရာနဲ့ ရာသီအဆုံးသတ်ဖို့ သေချာသွားပြီဖြစ်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိသွားခဲ့တာပါ။ကန်တီဟာ နည်းပြ တူချယ်လ် လက်ထက်မှာလည်း ချယ်လ်ဆီးအသင်းရဲ့ အဓိကကစားသမားအဖြစ် ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။ဒါပေမယ့်် ပြင်သစ်ကစားသမားဟာ ဒီရာသီမှာ ဒဏ်ရာတွေကြောင့် အရင်ခြေစွမ်းတွေကို ပြန်လည် မရယူနိုင်သေးပါဘူး။

ကန်တီဟာ လီဗာပူးလ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး လက်စတာအသင်းနဲ့ ပွဲမှာတော့ ပွဲစကတည်းက ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ကန်တီဟာ ကြံ့ခိုင်မှုပိုင်းမှာ အဆင်မပြေမှုတွေ ရှိနေသေးပေမယ့် ဒီပွဲမှာတော့ အကောင်းဆုံး ခြေစွမ်းပြသသွားနိုင် ခဲ့တာပါ။

ကန်တီဟာ ဒီရာသီ ပရီးမီးယားလိဂ် ၃၇ ပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ၂၅ ပွဲသာ ပါဝင်ကစားနိုင်ခဲ့တာပါ။ ပြင်သစ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်း ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့တာမှာ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။(၂၀၁၆) က လက်စတာကနေ ရောက်ရှိလာခဲ့တဲ့ ကန်တီနဲ့ ချယ်လ်ဆီးအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၂၀၂၃) ဇွန်လ ၃၀ ရက်မှာ ကုန်ဆုံးတော့မှာပါ။

ကန်တီကို ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ချက်စတာယူနိုက်တက် အသင်းက စိတ်ဝင်စားနေတယ်လို့ ထွက်ပေါ်နေတဲ့ သတင်းတွေအရ သိရပါတယ်။

Source:Goal