CNI International News

ကိုးလ်ကတ္တား၊ ဩဂုတ် ၂၉

အိန္ဒိယနိုင်ငံတွင် မကြာသေးမီက အလုပ်သင်ဆရာဝန်တစ်ဦး မုဒိန်းကျင့်ခံရပြီး သတ်ဖြတ်ခံခဲ့ရမှုနှင့်ပတ်သက်ပြီး အနောက်ဘန်ဂေါ (West Bengal) ပြည်နယ်တွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကာ ရထားလမ်းများနှင့် ကားလမ်းများကို ဆန္ဒပြသူများက ပိတ်ဆို့ခဲ့ကြသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များသည် ဆန္ဒပြသူများကို မျက်ရည်ယို ဓာတ်ငွေ့များနှင့် ရေအမြောက်များ အသုံးပြုပြီး လူစုခွဲခဲ့သဖြင့် အနောက်ဘန်ဂေါပြည်နယ်တွင် အတိုက်အခံအဖြစ် ရပ်တည်နေသည့် ဝန်ကြီးချုပ်မိုဒီ (Narendra Modi) ၏ BJP ပါတီသည် ဩဂုတ် ၂၈ ရက်မှစပြီး ၁၂ နာရီကြာ ဆန္ဒပြမှုများပြုလုပ်ရန် တိုက်တွန်းနှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။

BJP ပါတီ၏ ဝန်ထမ်းအများစု ပါဝင်သည့် ထောင်နှင့်ချီသော ဆန္ဒပြသူများသည် ဩဂုတ် ၂၈ ရက် တစ်နေ့လုံး ရထားလမ်းများ၊ ကားလမ်းများကို ပိတ်ဆို့ခဲ့ပြီး စျေးဆိုင်များလည်း ပိတ်ထားခဲ့ရသည်။

အနောက်ဘန်ဂေါပြည်နယ်တစ်ဝန်း အကြမ်းဖက်မှုများနှင့် ဆူပူအုံကြွမှုများကို နှိမ်နင်းရန် ရဲတပ်ဖွဲ့ဝင် ၅၀၀၀ ခန့်ကို ဖြန့်ကြက်ချထားကြောင်း ပြည်နယ်ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အနောက်ဘန်ဂေါပြည်နယ်၏ မြို့တော် ကိုးလ်ကတ္တားရှိ အစိုးရပိုင်ဆေးရုံတစ်ရုံတွင် ဩဂုတ် ၉ ရက်က အသက် ၃၁ နှစ်အရွယ် အလုပ်သင် အမျိုးသမီးဆရာဝန်တစ်ဦး မုဒိန်းကျင့် သတ်ဖြတ်ခံခဲ့ရမှုအတွက် ပြည်နယ်ဝန်ကြီးချုပ် မာမာတာ ဘာနာဂျီ (Mamata Banerjee) ကို ရာထူးမှ နုတ်ထွက်ရန် တက္ကသိုလ်ကျောင်းသား အများစုပါဝင်သည့် ဆန္ဒပြသူများက ဩဂုတ် ၂၈ ရက်၌ တောင်းဆိုခဲ့ကြသည်။

အမျိုးသမီးဆရာဝန်  မုဒိမ်းကျင့် သတ်ဖြတ်ခံရလို့ အိန္ဒိယမှာ ဆန္ဒပြနေစဉ်

ထိုအလုပ်သင် ဆရာဝန်အမျိုးသမီး မုဒိန်းကျင့် သတ်ဖြတ်ခံရမှု ဖြစ်စဉ်ကြောင့် နိုင်ငံတစ်ဝန်း ဒေါသထွက်ခဲ့ကြ သည်။

 ၂၀၁၂ ခုနှစ်က နယူးဒေလီ (New Delhi) မြို့တော်ရှိ ဘတ်စ်ကားပေါ်တွင် အသက် ၂၃ နှစ်အရွယ် ကျောင်းသူ တစ်ဦး အုပ်စုဖွဲ့ မုဒိန်းကျင့်ခံခဲ့ရမှု ဖြစ်စဉ်အပြီး ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများကဲ့သို့ ယခုဖြစ်စဉ်သည်လည်း နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများ ဖြစ်ပွားစေခဲ့သည်။

ဆန္ဒပြမှုကို ဦးဆောင်သူများကမူ နိုင်ငံအတွင်း တင်းကျပ်သည့် ဥပဒေများ ထုတ်ပြန်ထားသည့်တိုင် အမျိုးသမီး များသည် လိင်အကြမ်းဖက်မှုကို ဆိုးဆိုးရွားရွား ဆက်လက် ကြုံတွေ့ခံစားနေရသည်ဟု ပြောကြားခဲ့သည်။

အမျိုးသမီးဆရာဝန် မုဒိန်းကျင့် သတ်ဖြတ်ခံရသည့် ဖြစ်စဉ်တွင် ဆေးရုံရှိ ရဲတပ်ဖွဲ့ အကူဝန်ထမ်းတစ်ဦးကို ရာဇဝတ်မှုဖြင့် ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုအား ဖက်ဒရယ်ရဲတပ်ဖွဲ့က တာဝန်ယူ လုပ်ဆောင်လျက်ရှိသည်။

အိန္ဒိယသမ္မတ ဒရူပါဒီ မာမူ (Droupadi Murmu) ကလည်း ထိုဖြစ်စဉ်ကြောင့် တုန်လှုပ်ခြောက်ခြားမိကြောင်း ပြောကြားခဲ့သည်။

Source: ရိုက်တာ