CNI International News

မွမ်ဘိုင်း၊ သြဂုတ် ၁၇

အိန္ဒိယတွင် မကြာသေးမီက အမျိုးသမီးဆရာဝန်တစ်ဦး အဓမ္မပြုကျင့်ခံရပြီး သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်ကို ဆန့်ကျင်သည့်အနေဖြင့် အိန္ဒိယဆရာဝန်များအသင်းက နိုင်ငံတစ်ဝန်းရှိ သန်းနှင့်ချီသော ဆရာဝန်များကို ဆန္ဒပြမှုများပြုလုပ်ရန်နှင့် မဖြစ်မနေကုသရမည့် ရောဂါများကိုသာ ကုသပေးရန် တိုက်တွန်းခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ကိုးလ်ကတ္တား (Kolkata) မြို့ရှိ ဆေးပညာကောလိပ်တွင် အလုပ်လုပ်နေသည့် အသက် ၃၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် သွေးစွန်းနေသည့် မွေ့ယာပေါ်၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီးနောက် သီတင်းတစ်ပတ်ကြာသည့် အချိန်အထိ ထိုအမှုနှင့်ပတ်သက်ပြီး လူထုက ဒေါသထွက်နေကြခြင်းဖြစ်သည်။

သေဆုံးခဲ့သည့် ဆရာဝန်သည် အလုပ်ချိန် ၃၆ နာရီ အဆိုင်းကို တာဝန်ကျခဲ့ပြီး နာရီ ၂၀ နီးပါးကြာ အလုပ်လုပ်ခဲ့ ပြီးနောက် ကောလိပ်၏ စာသင်ခန်းကျယ်တစ်ခုအတွင်းရှိ ကောဇောပေါ်တွင် တရေးတမော အနားယူအိပ်စက် ခဲ့ကြောင်း  R G Kar Medical College မှ ဝန်ထမ်းတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ထိုကဲ့သို့ အမျိုးသမီးများကို ဆန့်ကျင်သည့် အကြမ်းဖက်မှုများ မြင့်တက်လာမှုအား တားဆီးရန် တင်းကြပ်သည့် ဥပဒေများ ထုတ်ပြန်ခဲ့ခြင်း မရှိသည့်အတွက် ဆရာဝန်များနှင့် အမျိုးသမီးအခွင့်အရေးအဖွဲ့များက ဦးဆောင်ပြီး ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

ဆန္ဒပြသူများကိုတွေ့ရစဉ်

"ဒီအချိန်မှာ စိတ်ခံစားမှုတွေက ပြောင်းလဲသွားပါပြီ။ ဒီနိုင်ငံရဲ့ ဆရာဝန်လောကမှာ အမျိုးသမီးတွေက အများစု ဖြစ်ပါတယ်။ သူတို့အတွက် ဘေးကင်းလုံခြုံမှုရှိစေဖို့ တောင်းဆိုသွားမှာပါ" ဟု အဖွဲ့ဝင် အင်အား ၄၀၀,၀၀၀ ရှိ သည့် အိန္ဒိယဆေးပညာအသင်း (IMA)၏ ဥက္ကဋ္ဌ အာရ်ဗွီ အဆိုကန် (R V Asokan) က ပြောကြားခဲ့သည်။

သြဂုတ် ၁၇ ရက်မှစပြီး အရေးပေါ် ကုသရေးဌာနများမှလွဲ၍ ကျန်သည့် ဆေးကုသရေးဝန်ဆောင်မှုများအားလုံးကို ပိတ်ပစ်ရန် နိုင်ငံအတွင်းရှိ ဆရာဝန်များအား IMA က သြဂုတ် ၁၂ ရက် နှောင်းပိုင်းတွင် တိုက်တွန်းခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ်မိုဒီ (Narendra Modi)၏ အာဏာရ BJP ပါတီ အပါအဝင် နိုင်ငံရေးပါတီများကလည်း ဆန္ဒပြမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆန္ဒပြသူများကိုတွေ့ရစဉ်

ဘောလီးဝုဒ် သရုပ်ဆောင်များ၊ အခြားထင်ရှား ကျော်ကြားသူများနှင့် နိုင်ငံရေးသမားများကမူ ထိုရာဇဝတ်မှုကို ထိတ်လန့်တုန်လှုပ်ကြောင်း ပြောကြားခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို ပြင်းထန်စွာ အပြစ်ပေးရန် တိုက်တွန်းခဲ့ သည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒေသခံရဲအရာရှိများနှင့် ၎င်းတို့၏ မိသားစုများကို ဆေးရုံတင်ရာတွင် ကူညီဆောင်ရွက် ပေးရသည့် လစာနည်းပါးသော စေတနာ့ဝန်ထမ်းရဲတပ်ဖွဲ့ အကူတစ်ဦးကို ဖမ်းဆီး၍ တရားစွဲဆိုထားသော်လည်း ဆန္ဒပြသူများကမူ ထိုလုပ်ဆောင်မှုသည် လုံလောက်ခြင်း မရှိကြောင်း၊ ပြင်းထန်စွာ အရေးယူပေးရန် တောင်းဆို နေကြသည်။

Source: ရိုက်တာ