CNI International News

ကိယက်ဗ်၊ ဩဂုတ် ၂၉

ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) သည် ရုရှားနှင့် ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် အတွက် ၎င်း၏ အစီအစဉ်အား အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ကို တင်ပြသွားမည်ဟု ပြောကြားခဲ့ ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ရုရှား၏ ကာ့စ် (Kursk) ဒေသကို ဝင်ရောက်တိုက်ခိုက်သည့် သီတင်းပတ် ၃ ပတ်ကြာ စစ်ဆင်ရေးသည် စစ်ပွဲ အဆုံးသတ်မည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ သို့သော် စီးပွားရေးနှင့် သံတမန်ရေး ဆွေးနွေးမှု များသည်လည်း ထိုအစီအစဉ်ထဲတွင် ပါဝင်ကြောင်း ဇာလန်းစကီးက ပြောကြားခဲ့သည်။

"ဒီအစီအစဉ်ရဲ့ အဓိကအချက်ကတော့ စစ်ပွဲအဆုံးသတ်ဖို့ ရုရှားကို ဖိအားပေးမှာ ဖြစ်ပါတယ်။ ကျနော် အဲဒီလိုလုပ် ချင်ပါတယ်။ အဲဒါမှ ယူကရိန်းအတွက် တရားမျှတမှုရှိမှာပါ" ဟု ဇာလန်းစကီးက ကိယက်ဗ် (Kyiv) မြို့တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

 ဇာလန်းစကီးကို တွေ့ရစဉ်

စစ်ပွဲအဆုံးသတ်မည့် အစီအစဉ်၏ နောက်ထပ် အသေးစိတ်အချက်များကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသော် လည်း သူသည် ထိုအစီအစဉ်နှင့်ပတ်သက်ပြီး အမေရိကန်သမ္မတ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ ဖြစ်သည့် အမေရိကန် ဒုတိယသမ္မတ ကာမယ်လာဟားရစ် (Kamala Harris) ၊ သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) တို့နှင့်လည်း ဆွေးနွေးသွားမည်ဟု ဆိုသည်။

ဇာလန်းစကီးသည် နယူးယောက် (New York) မြို့ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ရန် စက်တင်ဘာလတွင် အမေရိကန်သို့ သွားရောက်ဖို့ စီစဉ်ထားသည်။ ထိုခရိးစဉ်အတွင်း ဘိုင်ဒန်နှင့် တွေ့ဆုံမည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ဒုတိယအကြိမ် ပြုလုပ်မည့် ငြိမ်းချမ်းရေးညီလာခံတွင် ရုရှားဘက်မှ ကိုယ်စားလှယ်များကို တက်ရောက်စေလိုကြောင်း ဇာလန်းစကီးက ပြောကြားခဲ့သည်။

 ဇာလန်းစကီးကို တွေ့ရစဉ်

ဇွန်လအတွင်းက ဆွစ်ဇာလန်နိုင်ငံတွင် ပထမအကြိမ် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးညီလာခံ၌ ဇာလန်စကီးသည် ငြိမ်းချမ်းရေးအစီအစဉ်ကို တင်ပြခဲ့သည်။ ထိုညီလာခံတွင် ရုရှားကို ချန်လှပ်ထားခဲ့သည်။

ယူကရိန်းသည် ထိုညီလာခံကို တက်ရောက်ရန် ကမ္ဘာ့ဒုတိယစီးပွားရေး အင်အားအကြီးဆုံး တရုတ်နိုင်ငံကို ဖိတ်ကြားခဲ့သော်လည်း တရုတ်နိုင်ငံက တက်ရောက်ခဲ့ခြင်းမရှိပေ။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ် (Sergei Lavrov) ကမူ ဩဂုတ် ၆ ရက်က ကာ့စ်ဒေသကို ယူကရိန်း တပ်များ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးမည့် အစီအစဉ်များ ပျက်သုဉ်းသွားခဲ့ကြောင်း ဩဂုတ် ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ယူကရိန်းကို သွားရောက်ခဲ့သည့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) သည် ဩဂုတ် ၂၇ ရက်က ရုရှားသမ္မတ ပူတင် (Vladimir Putin) နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ် ပြောဆိုရာတွင် ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းစွာ အဖြေရှာရေးကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။

Source: ရိုက်တာ