CNI International News

ပဲရစ်၊ ဇွန်လ ၈

ပြင်သစ်နိုင်ငံ၊ ပဲရစ် (Paris) မြို့တော်တွင် ဇွန်လ ၇ ရက်တွင် ပြုလုပ်မည့် D-Day နှစ်ပတ်လည် အခမ်းအနားများ၌  အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် စစ်ရေးအကူအညီ ဒေါ်လာ ၂၂၅ သန်းနှင့်အတူ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး (Volodymyr Zelenskiy) နှင့် တွေ့ဆုံမည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ဝါရှင်တန် (Washington) သို့ ဇာလန်းစကီး လာရောက်ခဲ့သည့် ခရီးစဉ်အပြီးတွင် ယခုအကြိမ် တွေ့ဆုံမှုသည် ၎င်းတို့နှစ်ဦးအကြား ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှု ဖြစ်သည်။

ထို့ပြင် ဘိုင်ဒန်နှင့် ဇာလန်းစကီးတို့သည် လာမည့် သတင်းပတ်၌ အီတလီနိုင်ငံတွင် ပြုလုပ်မည့် စက်မှုထိပ်သီး ၇ နိုင်ငံ (G 7) ညီလာခံတွင်လည်း ထပ်မံတွေ့ဆုံမည်ဖြစ်သည်။

ထိုသို့ တွေ့ဆုံစဉ် ချမ်းသာသည့်နိုင်ငံများသည် ရုရှား၏ ပိုင်ဆိုင်မှုများကို ပိတ်ပင်ရေး၊ ယူကရိန်းအား ဒေါ်လာ ဘီလျံ ၅၀ ထောက်ပံ့ရေးတို့ကို ဆွေးနွေးကြမည်ဖြစ်သည်။ 

အနောက်နိုင်ငံများသည် ယူကရိန်းကို ကူညီထောက်ပံ့ရေးအတွက် ဆုံးဖြတ်ချက် ချမှတ်မှုများသည် အလွန် အချိန်ကြာမြင့်သည်ဟု ဇာလန်းစကီးက ပြီးခဲ့သည့်လတွင် ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဘိုင်ဒန်နဲ့ ဇာလန်းစကီးကို တွေ့ရစဉ်

ဘိုင်ဒင်သည် ဇွန်လ ၆ ရက်က ပြင်သစ်နိုင်ငံ၏ နောမန်ဒီ (Normandy) ဒေသသို့ ရောက်ရှိလာချိန် ဒုတိယကမ္ဘာစစ်က ဖြစ်စဉ်များနှင့် ယူကရိန်း-ရုရှားစစ်ပွဲကို နှိုင်းယှဉ်ပြောကြားခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) ကို အာဏာရှင်ဟု ခေါ်ဆိုခဲ့သည်။

အမေရိကန်က ယူကရိန်းကို ထောက်ပံ့မည့် ဒေါ်လာ ၂၂၅ သန်းတန် စစ်ရေးအကူအညီတွင် အမြောက်ကျည်များ၊ လေကြောင်းကာကွယ်ရေးစနစ်များနှင့် အခြားလက်နက်ပစ္စည်းများ ပါဝင်သည်ဟု သတင်းရင်းမြစ်များက ဖော်ပြခဲ့ သည်။

ရုရှားတပ်ဖွဲ့များသည် မေလ ၁၀ ရက်စပြီး ထိုးစစ် အသစ်တစ်ခုကို စတင်ခဲ့ပြီးနောက် ယူကရိန်း၏ ကျေးရွာများကို သိမ်းပိုက်ခဲ့ကာ ယူကရိန်းသည် ခါကိဗ် (Kharkiv) ဒေသတွင် ခံစစ်ဆင်နွှဲရန် ရုန်းကန်းနေရသည်။

ဘိုင်ဒင်သည် ပြီးခဲ့သည့် သီတင်းပတ်ကလည်း ယူကရိန်းအား အမေရိကန်က ထောက်ပံ့ပေးသော  လက်နက်များ ကို အသုံးပြုပြီး ရုရှားနိုင်ငံအတွင်းရှိ စစ်ရေးပစ်မှတ်များအား တိုက်ခိုက်ခွင့်ပြုခဲ့သည်။

လက်ရှိအချိန်တွင် အမေရိကန်သည် ယူကရိန်း၏ လက်နက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်း နေရကြောင်း ဝါရှင်တန်ရှိ လက်ထောက်အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်ဖြစ်သည့် ဂျွန် ဖိုင်နာ (Jon Finer) က ဇွန်လ ၆ ရက်တွင် ပြောကြားခဲ့သည်။

Source: ရိုက်တာ