CNI International News

ဝါရှင်တန်၊ ဩဂုတ် ၂၉

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) သည် ၂၀၂၀ ပြည့်နှစ်က သမ္မတရွေးကောက်ပွဲတွင် ၎င်းရှုံးနိမ့်ခဲ့သည့် ရလဒ်ကို တရားမဝင် ပယ်ဖျက်ရန် ကြိုးပမ်းမှုဖြင့် စွပ်စွဲခံထားရသော ဖက်ဒရယ်စွဲချက်ဖြင့် ဩဂုတ် ၂၇ ရက်တွင် ရင်ဆိုင်ခဲ့ရကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထရမ့်သည် ပြစ်မှုဆိုင်ရာ တရားစွဲဆိုချက်မှ ကင်းလွတ်ခွင့်ရရှိကြောင်း အမေရိကန် တရားရုံးချုပ်က စီရင်ချက် ချခဲ့ပြီးနောက် ထိုအမှုနှင့်ပတ်သက်ပြီး အစိုးရရှေ့နေများက ယခင်စွဲဆိုချက်ကို စိစစ်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်တရားရုံးချုပ်ရှေ့နေ ဂျက် စမစ် (Jack Smith) ၏ ဥပဒေအကျိုးဆောင်အဖွဲ့သည် ဝါရှင်တန်တွင် စွဲဆိုထားသည့် စိစစ်ပြင်ဆင်ထားသည့် ထိုစွဲချက်ကို လက်ခံရရှိခဲ့ခြင်းဖြစ်သော်လည်း ထရမ့်အနေဖြင့် နိုဝင်ဘာ ၅ ရက်ရွေးကောက်ပွဲမတိုင်မီ တရားရင်ဆိုင်ရဖွယ်မရှိပေ။

 ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ပြန်လည်ပြင်ဆင်ထားသည့် တရားစွဲဆိုချက်တွင် ပြီးခဲ့သည့်နှစ်က ထရမ့်ကို စွဲဆိုထားသော အမှု ၄ ခုကို ပြောင်းလဲ ခဲ့ခြင်းမရှိသော်လည်း ယခုအကြိမ် စွဲချက်၌ ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသည့် ၂၀၂၀ ပြည့်နှစ်က ထရမ့်၏ အခန်းကဏ္ဍကို သမ္မတတစ်ဦးအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခြင်းမရှိဘဲ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း နိုင်ငံရေးသမားတစ်ဦးအဖြစ် ဖွင့်ဆိုခဲ့သည်။

ဇူလိုင် ၁ ရက်တွင်မူ တရားရုံးချုပ်က ထရမ့်သည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွင်း သမ္မတတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေဆဲဖြစ်သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြစ်မှုဆိုင်ရာ တရားစွဲဆိုမှုများမှ သမ္မတဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်ရှိကြောင်း စီရင်ချက်ချခဲ့သည်။

အမေရိကန် ခရိုင်တရားသူကြီး တန်ယာ ချက်ကန် (Tanya Chutkan) ကမူ တရားရုံးချုပ်၏ လွတ်ငြိမ်းချမ်းသာခွင့် ဆုံဖြတ်ချက်အပေါ် အခြေခံပြီး လာမည့် သီတင်းပတ်များအတွင်း ထိုအမှုကို ရှုထောင့်ပေါင်းစုံမှ သုံးသပ်သွားမည် ဟု ဆိုသည်။

 ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ထရမ့်၏ ရှေ့နေများက မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ချက်ချင်းမတုန့်ပြန်ခဲ့ပေ။

ထရမ့်ကမူ တရားရုံးချုပ်၏ လွတ်ငြိမ်းခွင့် စီရင်ချက်ကြောင့် ၎င်းအပေါ် စွဲဆိုထားသည့် အမှုအားလုံးကို ပယ်ဖျက် ပေးသင့်ကြောင်း၊ စမစ်သည် တရားရုံးချုပ်၏ ဆုံးဖြတ်ချက်ကို ရှောင်တိမ်းရန် ကြိုးပမ်းသည့်အနေဖြင့် စွဲချက်ကို အသစ်ပြန်လည် စိစစ်တည်းဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ Truth Social လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။

အစောပိုင်း စွဲချက်များနှင့်ပတ်သက်ပြီး ထရမ့်က အပြစ်မရှိကြောင်း လျှောက်လှဲထားပြီး ထိုစွဲချက် အပါအဝင် မိမိ ရင်ဆိုင်နေရသည့် အခြားအမှုများသည် မိမိအား နောက်တစ်ကြိမ် အာဏာပြန်မရစေရန် နိုင်ငံရေးအရ စေ့ဆော် သည့် လှုပ်ရှားမှုများဖြစ်ကြောင်း ဝေဖန်ရှုတ်ချခဲ့သည်။

Source: ရိုက်တာ