CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၉

အဲဗာတန်အသင်း ကွင်းလယ် ကစားသမားဟောင်း ဒီနီယာ ဘီလီယာလက်ဒီနော့ဗ်ဟာ ရုရှားစစ်တပ်ထဲ ဝင်ရောက်ခဲ့တယ်လို့ ဖခင်ဖြစ်သူ ရီနတ်က ပြောပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွက် နိုင်ငံသား သုံးသိန်း(၃၀၀,၀၀၀)ခန့်ကို ရုရှားစစ်တပ်ထဲ ဝင်ရောက်ပြီး စစ်မှုထမ်းဖို့ ပြီးခဲ့တဲ့အပတ်က ကြေညာခဲ့ပါတယ်။

ဗလာဒီမာပူတင်က “ စစ်မှုထမ်းဖို့က တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ စစ်မှုထမ်းဟောင်းတွေနဲ့ သက်ဆိုင်ရာ အတွေ့အကြုံ ရှိတဲ့သူတွေ၊ လက်ရှိ အရန်တပ်မှာရှိနေတဲ့ နိုင်ငံသားတွေနဲ့သာ သက်ဆိုင်တယ်”လို့ ပြောခဲ့ပါတယ်။

ဘီလီယာလက်ဒီနော့ဗ်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုနီးပါး မတိုင်ခင်က စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့တာဖြစ် ပြီး ဖခင်ဖြစ်သူကတော့ သူ့သားဟာ စစ်တပ်ထဲ ဝင်ရောက်ဖို့ အသက်ကြီးနေတယ်လို့ ယူဆပေမယ့် ရုရှားစစ်တပ် က ပြန်ခေါ်တာကို လက်ခံခဲ့ရတယ်လို့ ပြောပါတယ်။

ဘီလီယာလက်ဒီနော့ဗ် အဲဗာတန်အသင်းမှာ ကစားခဲ့စဉ် (The Times)

ရီနတ်က “ ဒီနီယာဟာ တကယ်ပဲ ဆင့်ခေါ်စာကို လက်ခံရရှိခဲ့တာပါ။ သူဟာ စစ်မှုထမ်းခဲ့ပေမယ့် တာဝန် မထမ်း ဆောင်ခဲ့ရတဲ့အတွက် စိတ်ခံစားမှုအကြောင်းကို ပြောရတာ ခက်ခဲပါတယ်။ သူဟာ ကျမ်းကျိန်ခဲ့ရပေမယ့် အားကစားကနေ ပါဝင်ခဲ့ရတာပါ။ ဥပဒေက လူတွေကို အသက် ၃၅ နှစ်အထိ ခေါ်လို့ ရပေမယ့် သူက အသက် ၃၇ နှစ်ရှိပါပြီ။ အဲ့ဒါကြောင့် ကွဲလွဲမှုအချို့ရှိပါတယ်” လို့ Sports.ru ကို ပြောပါတယ်။

ဘီလီယာလက်ဒီနော့ဗ်ဟာ ၂၀၀၉ က လိုကိုမိုးတစ် မော်စကို အသင်းကနေ အဲဗာတန်အသင်းကို ပေါင် ၉ သန်း ဝန်းကျင်နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ပွဲပေါင်း ၇၇ ပွဲ ပါဝင်ကစားကာ ၉ ဂိုး သွင်းယူနိုင်ခဲ့တာပါ။ ရုရှားလက်ရွေးစင် ဟာ ၂၀၁၂ မှာ အဲဗာတန်ကနေ ပြန်ထွက်ခွာပြီး စပါးတပ် မော်စကို အသင်းထံ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

ဘီလီယာ လက်ဒီနော့ဗ်ဟာ ရုရှားလက်ရွေးစင်အတွက် ပွဲပေါင်း ၄၆ ပွဲ ပါဝင်ကစားခဲ့ပြီး ၆ ဂိုး သွင်းယူခဲ့ကာ ဆီမီး ဖိုင်နယ် တက်ရောက်ခဲ့တဲ့ ယူရို ၂၀၀၈ ပြိုင်ပွဲမှာ ပွဲစဉ်တိုင်းကို ပါဝင်ကစားခဲ့တာပါ။

အဲဗာတန် ကစားသမားဟောင်းဟာ ၂၀၁၂ မှာ ရုရှားလက်ရွေးစင် အသင်းကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၈ မှာ ကစားသမားဘဝက အနားယူခဲ့တဲ့ ဘီလီယာလက်ဒီနော့ဗ်ဟာ လက်ရှိအချိန်မှာ ရုရှားဒုတိယတန်းကလပ် ရိုဒီနာအသင်းမှာ နည်းပြအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

Source: Metro