CNI International News

ဝါရှင်တန်၊ မေလ ၁၃

ယူကရိန်းကို ရုရှားကျူးကျော် စစ်နှင့်ပတ်သက်၍ ပိုမို ထုတ်ဖော် ပြောကြရန် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) မှ ခေါင်းဆောင်များကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က စေ့ဆော်ဖို့ ကြိုးစားနေကြောင်း အေပီသတင်းတွင် တွေ့ရသည်။

သို့သော် မော်စကိုနှင့် နက်ရှိုင်းသော ဆက်ဆံရေး ကိုယ်စီရှိကြသည့် အာဆီယံဒေသတွင်း ၁၀ နိုင်ငံအတွက် ထိုသို့ ထုတ်ဖော် ပြောဆိုရေးမှာ သိမ်မွေ့သော ပြဿနာတစ်ရပ်အဖြစ် ဆက်ရှိနေသည်။

ဘိုင်ဒန်သည် နှစ်ရက်ကြာ ထိပ်သီး အစည်းအဝေး စတင်ရန်အတွက် အာဆီယံ ခေါင်းဆောင်များကို မေလ ၁၂ ရက် နှောင်း ပိုင်းတွင် အိမ်ဖြူတော်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ၍ အနီးကပ် နွေးထွေးစွာ ကြိုဆိုခဲ့သည်။

ယခု ထိပ်သီး အစည်းအဝေးသည် ၄၅ နှစ်တာ ကာလအတွင်း ဝါရှင်တန်မြို့တော်၌ ကျင်းပသည့် အာဆီယံ၏ ပထမဆုံး အစည်းအဝေးလည်း ဖြစ်သည်။

အိမ်ဖြူတော်သည် ယူကရိန်းစစ်ပွဲကို အာရုံစိုက်နေသော်လည်း တစ်ချိန်တည်းမှာပင် ပစိဖိတ်ဒေသဘက်တွင်လည်း အရှိန်မြှင့် တင်နေကြောင်း ပြသရန် ကြိုးစားလျက်ရှိသည်။

အရှေ့တောင်အာရှ၏ ရာသီဥတု၊ ရေကြောင်းနှင့် ပြည်သူ့ ကျန်းမာရေးဆိုင်ရာ အခြေခံ အဆောက်အအုံများ အားကောင်းလာ စေရန်အတွက် အမေရိကန်က စီမံကိန်းအသစ်ဖြင့် ဒေါ်လာ သန်း ၁၅၀ ကျော် ပေးအပ်ဖို့ ကတိပြု သွားမည်ဖြစ်ကြောင်း ယခု ထိပ်သီး အစည်းအဝေးတွင် ကြေညာခဲ့သည်။

ဘိုင်ဒန်နဲ့ အာဆီယံခေါင်းဆောင်များ(AP)

သို့သော် ရုရှား ကျူးကျော်မှုနှင့် ပတ်သက်၍ အာဆီယံ အဖွဲ့ဝင်များနှင့် သဘောတူညီချက်ရရန် ခက်ခဲနိုင်ကြောင်း ဘိုင်ဒန်က ကောင်းစွာ သိရှိထားသည်။

ယခု အာဆီယံ ခေါင်းဆောင်များတွင် ဆွေးနွေးသည့် အစီအစဉ်တွင် ယူကရိန်းကိစ္စလည်း ပါဝင်ကြောင်း အိမ်ဖြူတော် သတင်း ထောက် ဂျန်ဆာကီက မေလ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ သို့သော် ထိပ်သီး အစည်းအဝေးအပြီး ထုတ်ပြန်ချက် ထွက်ရှိ လာသည့်အခါ ရုရှားကျူးကျော်မှုကို အာဆီယံဘက်မှ ထိရောက်စွာ ပြောဆိုခြင်း ရှိ/မရှိကိုမူ ဂျန်ဆာကီက ခန့်မှန်း ပြောကြား ခြင်း မရှိပေ။

“အာဆီယံအဖွဲ့ဝင် နိုင်ငံအတော်များများဟာ ရုရှားရဲ့ ရန်လိုတဲ့ လုပ်ရပ်ကို ဖိအားပေးဖို့ အရေးပါတဲ့ မိတ်ဖက်နိုင်ငံတွေ ဖြစ် တယ်လို့ ကျမ ပြောချင်ပါတယ်။ ဒီလို ဖိအားပေးဖို့ ပိတ်ဆို့အရေးယူမှုမှာ ပါဝင်တာ၊ ထောက်ခံတာနဲ့ အဲဒီ ပိတ်ဆို့မှုအတိုင်း လိုက်နာတာတို့ လိုအပ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အာဆီယံအဖွဲ့ဝင် အချို့ဖြစ်သည့် ဗီယက်နမ်၊ မြန်မာနှင့် လာအိုတို့သည် စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာများအတွက် ရုရှားကို မှီခိုနေရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သည်။ မော်စကိုအပေါ် အနောက်အုပ်စုက တိုက်ရိုက် အရေးယူပိတ်ဆို့မှုများ ချမှတ်ခြင်းကို အာဆီယံ ၁၀ နိုင်ငံအနက် စင်ကာပူ တစ်နိုင်ငံတည်းမှလွဲ၍ ကျန်နိုင်ငံများက သမ္မတ ဗလာဒီမာပူတင်ကို (သို့မဟုတ်) ရုရှားကျူးကျော်စစ်ကို အပြစ်တင် ဝေဖန်ခြင်းမှ ရှောင်ရှားခဲ့ကြသည်။

အင်ဒိုနီးရှားက ရုရှားကျူးကျော်မှုကို ၎င်းပြည်တွင်း၌ အများပြည်သူဆိုင်ရာ သဘောထား မှတ်ချက်များတွင် သတိကြီးကြီး စောင့်ကြည့်နေခဲ့ပြီး ဖိလစ်ပိုင်ကလည်း ရုရှားကို ပိတ်ဆို့ အရေးယူရန် အစီအစဉ်မရှိကြောင်း အတိအလင်း ပြောကြား ထား သည်။

ထိုင်းသည် ရုရှားကို ဆန့်ကျင်သည့် ကုလသမဂ္ဂအတွင်း မဲပေးမှုတွင် ပါဝင်ခဲ့သော်လည်း စစ်ပွဲနှင့်ပတ်သက်၍ ကြားနေ သဘောထားကိုသာ ဆက်လက်ထားရှိသည်။

အာဆီယံ ခေါင်းဆောင်များသည် မေလ ၁၃ ရက် (ယနေ့) တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် တရားဝင်တွေ့ဆုံရန် စီစဉ်ထားပြီး ဘိုင်ဒန်က အာဆီယံခေါင်းဆောင်များ ရှေ့မှောက်၌ မိန့်ခွန်းပြောကြားမည် ဖြစ်သည်။

Source: AP