CNI International News

မိုဂါဒစ်ရှူး၊ မေလ ၁၃

ဆိုမာလီယာနိုင်ငံတွင် ကာလအတန်ကြာ နှောင့်နှေးနေခဲ့သည့် သမ္မတရွေးကောက်ပွဲကို မေလ ၁၅ ရက်တွင် ကျင်းပသွားရန် စီစဉ်ထားခြင်းဖြင့် ယမန်နှစ် သမ္မတသက်တမ်း ကုန်ဆုံးချိန်၌ ပြည်တွင်း တင်းမာမှုများ တိုးလာခဲ့သော ရှုပ်ထွေးလှသည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို အပြီးသတ်တော့မည်ဖြစ်ကြောင်း အေပီသတင်းအရ သိရသည်။

လက်ရှိသမ္မတ မိုဟာမက် အဗ္ဗဒူလာဟီမိုဟာမက်၊ သမ္မတဟောင်းနှစ်ဦးနှင့် ဝန်ကြီးချုပ်ဟောင်းတစ်ဦး၊ အစိုးရထိပ်တန်း အရာ ရှိများနှင့် သတင်းတစ်ဦးတို့ကို သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲ အာဏာပိုင်ကော်မရှင်၌ အမည်စာရင်း တင်သွင်းထားသည်။

ထိုအမည်စာရင်းထဲတွင် တစ်ချိန်က ဆိုမာလီယာ အစိုးရအဖွဲ့၌ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းခဲ့ဖူးသူ အမျိုးသမီး လွှတ်တော်အမတ် ဖော်ဇီယာ ယူဆက်ဖ် ဟာဂျီအဒမ်လည်း ပါဝင်ခဲ့သည်။

အယ်လ်ရှာဘတ် အမည်ရှိ အစ္စလာမ္မစ် အစွန်းရောက်အဖွဲ့ကြောင့် လုံခြုံရေး စိုးရိမ်နေသည့်ကြားမှ ယခုရွေးကောက်ပွဲကို ကျင်းပရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

အာဖရိက ဦးချိုဒေသရှိ ဆိုမာလီယာနိုင်ငံတွင် ဖက်ဒရယ်အစိုးရကို ဆန့်ကျင်သည့် အနေဖြင့် မိုဂါဒစ်ရှူးမြို့တော်နှင့် အခြား နေရာများတွင် အစွန်းရောက်အဖွဲ့ လက်ချက်ကြောင့် အသေအပျောက်ရှိသော တိုက်ခိုက်မှုများ ဖြစ်ပွားနေဆဲရှိသည်။

လုံခြုံရေးများ ချထားသော ဆိုမာလီယာက ရွေးကောက်ပွဲပြင်ဆင်မှု(AP)

အယ်လ်ရှာဘတ် အစွန်းရောက်အဖွဲ့သည် မော်တာကျည်ဆန်နှင့် သေနတ်များသုံး၍ မကြာသေးမီ လများအတွင်း အာဖရိက သမဂ္ဂထံမှ ငြိမ်းချမ်းရေးလုပ်ငန်းများ တာဝန်ယူထားသည့် ဟာလန်းစစ်စခန်း၏ လုံခြုံရေးကို ထပ်တလဲလဲ အကဲစမ်းခဲ့ ကြသည်။

မေလ ၁၁ ရက်က အသေခံ ဗုံးခွဲမှုဖြစ်ပွားခဲ့ရာ အစိုးရတပ်သားနှစ်ဦး အပါအဝင် လူ ၄ ဦး သေဆုံးခဲ့သည်။ အဆိုပါ အသေခံ ဗုံးခွဲ တိုက်ခိုက်မှုမှာ သမ္မတအသစ် ရွေးချယ်ဖို့ ရွေးကောက်ပွဲဝင် လွှတ်တော်အမတ်များ မေလ ၁၅ ရက် တွေ့ဆုံကြမည့် အခိုင်အမာ ကာရံထားသော လေဆိပ်အနီး စစ်ဆေးရေးဂိတ်တွင် ဖြစ်ပွားခဲ့သည်။

ယခုရွေးကောက်ပွဲ မဲပေးကြမည့် ကိစ္စသည် ကနဦး စီစဉ်ထားခြင်းထက် ၁၅ လ နောက်ကျခဲ့သည်။ အကယ်၍ ဆိုမာလီ အာဏာပိုင်များ အနေဖြင့် မေလ ၁၇ ရက် နောက်ဆုံးထား၍ ရွေးကောက်ပွဲ မကျင်းပပေးလျှင် နိုင်ငံတကာ အလှူရှင်များထံမှ အရေးတကြီး လိုအပ်နေသော ငွေကြေးထောက်ပံ့မှုနှင့် ဆုံးရှုံးနိုင်ခြေများနေသည်။

ဆိုမာလီနိုင်ငံတွင် ရွေးကောက်ပွဲအကြို ကောက်ယူခဲ့သော စစ်တမ်းများအရ ထွက်ပေါ်လာမည့် ရလဒ်များကို မှန်းဆ၍ မရ သေးပေ။ ဖားမားဂျိုဟု လူသိများသော မိုဟာမက်သည် ပြန်လည် ရွေးကောက်တင်မြှောက်ခံရရန် ခက်ခဲနေပုံရသည်ဟု အေပီ သတင်းတွင် ဆက်လက် ရေးသားထားသည်။

၎င်းသည် ဝန်ကြီးချုပ် မိုဟာမက် ဟူစိန်ရိုဘဲနှင့်အတူ အာဏာလွန်ဆွဲမှုတွင် ပိတ်မိနေခဲ့ပြီး အစိုးရကို ထိန်းချုပ်ထားဆဲ ဖြစ်သည်။ ရိုဘဲသည် ယခုပွဲတွင် သမ္မတအဖြစ် ဝင်အရွေးခံမည် မဟုတ်သော်လည်း ၎င်းနှင့် အခြား ခေါင်းဆောင်ဟောင်းများသည် ထွက်ပေါ်လာမည့် မဲရလဒ်များကို အဆုံးအဖြတ် ပေးနိုင်သော အခန်းကဏ္ဍ၏ နောက်ကွယ်တွင် ရှိနေကြသည်။

Source: AP