CNI News

၂၀၂၂ ခုနှစ်၊ မေလ ၁၃

တော်လှန်စစ်ပွဲတွင် ပါဝင်နေသည့် အင်အားစုများအားလုံး အပစ်ရပ်နိုင်ရန်အတွက် တပ်မတော်မှ တဖက်သတ် အပစ်ရပ်ကြောင်းကို ပထမဆုံးကြေညာရန် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) မှ မေ ၁၂ ရက်နေ့စွဲဖြင့် ထုတ်ပြန် တောင်း ဆိုခဲ့သည်။

လက်ရှိတွင် တပ်မတော်အနေဖြင့် သာလွန်အင်အားများ အသုံးပြုကာ တိုက်ခိုက်နေသည့်အတွက် ၎င်းတို့ဘက်မှ တဖက်သတ် အပစ်ရပ်ကြောင်း ကြေညာရန် လိုအပ်သည်ဟု PNFC မှ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ခွန်မြင့်ထွန်းက “အဓိကအားဖြစ်တော့ ဒီနေ့ဖြစ်တဲ့ ဖြစ်ရတာကတော့ စစ်တပ်ကနေပြီးတော့ အာဏာသိမ်းခဲ့တယ်၊ ဒီကနေ ပြီးတော့ လူထုကို ရက်ရက်စက်စက် သတ်ဖြတ်ညှင်းဆဲတဲ့အပေါ်မှာ ပြန်ပြီးတော့မှ တော်လှန်စစ်ကို ဆင်နွှဲကြရတာပေါ့၊ ဆို တော့ ဒီအချက်မှာကတော့ တပ်မတော် အနေနဲ့ကတော့ စပြီးတော့ တဖက်သတ် အရင်ဆုံး အပစ်ရပ် ကြေညာတာကိုတော့ ကြေညာဖို့လိုတယ်၊ ဘာကြောင့်လဲဆိုရင် ဒီနေ့ တိုက်ပွဲမှာ အမြောက်တွေ၊ လေယာဉ်တွေနဲ့ အင်မတန် သာလွန်တဲ့ စစ် အင်အားတွေနဲ့ သုံးပြီးတော့ တပ်မတော်က တိုက်နေတာ ဖြစ်တဲ့အတွက် သူ့ဖက်ကတော့ အရင်ရပ်ဖို့လိုတယ်၊ နောက်ပြီး တော့ ဒီလို သဘောထား ပြခြင်းအားဖြင့် တပ်မတော်ရဲ့ စိတ်စေတနာ အမှန်ပေါ့လေ၊ ဖော်ပြနေတဲ့ အဓိကအချက် တစ်ချက် ဖြစ်တယ်လို့ ကျနော်တို့ မြင်ပါတယ်” ဟု ပြောသည်။

ထို့အတူ အာဏာရှင်စနစ် ဆန့်ကျင်ရေးတွင် နည်းလမ်းပေါင်းစုံဖြင့် ပါဝင်နေကြသည့် အင်အားစုများအပေါ် နှိမ်နှင်းမှုများ ချက်ချင်း ရပ်တန့်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့ အပါအဝင် နိုင်ငံရေး အကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး ဆောင်ရွက်ရန် တိုက်တွန်းထားသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

တပ်မတော်က နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ် ရေး ယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၂ ခုနှစ်၊ မတ်လ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ရပ်စဲကြောင်း ဖေဖော်ဝါရီ ၂၈ ရက်က ထုတ်ပြန်ကြေညာထားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “အစိုးရနဲ့တပ်မတော်အနေဖြင့် တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပေးခြင်းဖြင့် ထာဝရ ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်နိုင်ရေး မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ် သမိုင်းမှာတစ်ခါမှ မရှိခဲ့ဘူးတဲ့ လိုက်လျော ကမ်းလှမ်းမှုတွေ ဆောင်ရွက်လျက်ရှိပါတယ်။ တပ်မတော် အနေနဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့က စပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးခဲ့ရာကနေ ၂၀၂၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှာ ဒီနှစ်ကုန်ပိုင်း ထိ တစ်ဖက်သတ် အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး ထပ်မံ တိုးမြှင့်ထား ခဲ့ပါတယ်။ ယခင်က ဆွေးနွေးမှုတွေမှာ အစိုးရနဲ့ တပ်မတော်က ကြိုတင်ကန့်သတ်မှုတွေရှိခဲ့လို မအောင်မြင်ဘူးလို့ ဝေဖန်ပြောကြားတာတွေရှိခဲ့ပါတယ်။ အခု ဒီကြေညာ ချက်မှာ ကျနော်တို့အနေနဲ့ ကြိုတင် ကန့်သတ်ချက် မထားဘဲ တက်နိုင်သမျှ လွတ်လွတ်လပ်လပ် ဆွေးနွေးဖို့ ဖိတ်ခေါ် ပါတယ်”ဟု မတ်လ ၂၄ ရက်နေ့က ကျင်းပသည့် (၁၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့သည်။

နွေဦးတော်လှန်ရေးနှင့်အတူ တည်ရှိလာသည့် အင်အားစုများ အပါအဝင် နှစ် ၇၀ ကျော် တော်လှန်ရေး ဆင်နွှဲလာခဲ့ကြသော တိုင်းရင်းသား အင်အားစုများ အပါအဝင် သက်ဆိုင်သူများအားလုံး၏ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်မှုကို ထည့်သွင်း ဖော်ဆောင်ရေးကို PNFC မှ တိုက်တွန်းထားသည်။

စစ်မှန်သည့် အပစ်ရပ်ရေးနှင့် မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကုလသမဂ္ဂ အပါအဝင် မြန်မာ့အရေးနှင့် နီးစပ် ပတ်သက် သည့် နိုင်ငံတကာအင်အားစုများ ပါဝင်နိုင်စေရေးကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။