CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၉

ချင်းအမျိုးသားတပ်ဦး (CNF)က ချင်းပြည်နယ်မှာ တခြားသော လက်နက်ကိုင်အဖွဲ့အစည်းများကို မရှိစေရေး ချေမှုန်းမည့်ပေါ်လစီဖြင့် သွားနေကြောင်း ဇိုမီးတော်လှန်ရေးတပ်မတော်(ZRA)မှ အရှေ့ပိုင်းဒါရိုက်တာ ပူဇိုထန်က CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် မိမိတို့ ZRA က အဆင်သင့်ရှိနေကြောင်း၊ ချင်းပြည်နယ်တွင် CNF တစ်ဖွဲ့တည်း ရှိရမည်ဆိုသည့် ပေါ်လစီဖြင့် သွားနေကြောင်း ၎င်းက ပြောသည်။

ZRA ၏ အရှေ့ပိုင်းဒါရိုက်တာ ပူဇိုထန်က “ကျနော်တို့ အမြဲတမ်း အဆင်သင့်ပါပဲ၊ သူတို့(CNF) ကတော့ လုံးဝ မရဘူးဗျ၊ ဘယ်သူမှလည်း သူတို့ကို အထင်မကြီးဘူးပေါ့နော်၊ CNF က သူတို့လက်နက်ကိုင်တာက ကျနော်တို့ ထက် ဦးဦးဖျားဖျားဆိုတော့ တကယ့် ချင်းပြည်နယ်မှာရှိတဲ့ လက်နက်ကိုင်တွေ အားလုံးကို သူတို့က ညှိဖို့မကြိုးစား ဘူးဗျ၊ အနိုင်ကျင့်ပြီးတော့ အကုန်လုံး ဖျက်ဆီးမယ်၊ CNF ပဲ ချင်းပြည်နယ်မှာ အဖွဲ့အစည်းတစ်ခုပဲ ရှိမယ်ဆိုတဲ့ ပေါ်လစီနဲ့ သွားနေတာလေ၊ ကျနော်တို့ က သူတို့ကို အမြဲတမ်းပြောတယ်၊ ကိုယ့်ဒေသမှာ ဒီမိုကရေစီ တော်လှန်ရေးကာလမှာ ကိုယ့်နယ်မြေကို ကျနော်တို့ လူမျိုးစု အချင်းချင်းကြား ထိန်းကြပေါ့၊ ပြီးသွားလို့ရှိရင် ကျနော်တို့ ပြန်ပြီးတော့ အပြန်အလှန် နားလည်မှုယူပြီးမှ တစ်ခုခု လုပ်ရမယ်ဆိုပြီးတော့ အောက်ခြေလူတွေကို ပြောပေမယ့် သူတို့က နာမခံဘူးဗျ၊ ချင်းပြည်နယ်မှာ ကျနော်တို့ မဟုတ်ဘဲနဲ့ လက်နက်ကိုင်တွေ အကုန်လုံး ချေမှုန်းမယ်ဆိုတဲ့ ပေါ်လစီနဲ့ သွားနေတယ်၊ နိုင်ငံရေးက တော့ ညှိလို့ မရဘူးဗျ၊ ဘယ်မှလည်း ပေါ်မလာဘူးဗျ၊ သူတို့က စစ်တပ်တွေနဲ့ သူတို့ရဲ့ CNF သောင်းကျန်းတဲ့ လူတွေပဲ လုပ်ပြီးတော့ ကျနော်တို့ နယ်မြေမှာ လာတိုက် တာလေ၊ အဲဒါပဲ နိုင်ငံရေးတော့ လုံးဝလုပ်လို့ မရဘူးဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဇိုမီးတော်လှန်ရေးတပ်မတော်(ZRA)ကို တွေ့ရစဉ်

ပြီးခဲ့သည့် ရက်ပိုင်းက ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း ZRA နှင့် CNF တို့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

ချင်းပြည်နယ်မှာ တခြားသော လက်နက်ကိုင်အဖွဲ့အစည်းများကို ချေမှုန်းမည်ဆိုသည့် ပေါ်လစီဖြင့် သွားနေဟု ပြောဆိုချက်နှင့် ပတ်သက်၍ CNF ၏ သဘောထားကို သိရှိနိုင်ရေး ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီထံ ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။ 

မိမိတို့ ZRA ဒေသကို တည်ငြိမ်းရေးအတွက် ထိန်းသိမ်းနေကြောင်း၊ သို့သော်လည်း CNF က မိမိတို့ လူမျိုးစုကြား တွင် စစ်သင်တန်းများပေးကာ လှုပ်ရှားလာကြောင်း ZRA ၏ အရှေ့ပိုင်းဒါရိုက်တာ ပူဇိုထန်က ပြောသည်။ 

၎င်းက “ကျနော်တို့ကတော့ ထိန်းတာပေါ့လေ၊ ဒါပေမဲ့ နိုင်ငံရေး အခြေအနေအရပေါ့၊ ကျနော်တို့ နယ်မြေမှာ CNA/ CNF တွေက မတရား ကျနော်တို့ လူမျိုးစုကြားထဲမှာ လက်နက်ကိုင်သင်တန်းတွေ ပေးပြီးတော့ ကျနော်တို့ လူမျိုးစုတချို့မှာ သူတို့ လက်နက်တပ်ဆင်ပေးပြီးတော့ သူတို့နယ်မြေမှာ လှုပ်ရှားတဲ့ အဖွဲ့တွေ အများကြီးရှိ တာပေါ့၊ ဒါပေမဲ့ သူတို့က CNA က ထိန်းထားပြီးတော့ သူတို့ လူမျိုးစု လက်နက်ကိုင်တွေကို ကျနော်တို့ကို တိုက်ခိုင်းတာပေါ့၊ အဲဒီထဲမှာ သူတို့ ဦးဆောင်တာ အဲဒါနဲ့ ကျနော်တို့ ဇိုမီးတွေရဲ့ နယ်မြေမှာ သူတို့က လာပြီးတော့ သောင်းကျန်းမှုတွေ လာလုပ်တာပေါ့” ဟု ပြောသည်။

 ချင်းအမျိုးသားတပ်ဦး(CNF)ကို တွေ့ရစဉ်

ချင်းပြည်နယ်တွင် ဇိုမီးတော်လှန်ရေးတပ်မတော်/အရှေ့ပိုင်းတိုင်း(ZRA)နှင့် ချင်းအမျိုးသားတပ်ဦး (CNF/CNA) တို့အကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။

ZRA သည် မြန်မာနိုင်ငံအတွင်းရှိ ချင်းပြည်နယ် တွန်းဇံမြို့နယ်၊ တီးတိန်မြို့နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ကလေးမြို့နယ်၊ တမူးမြို့နယ်၊ ကဘော်ချိုင့်ဝှမ်းဒေသ၊ မြန်မာ-အိန္ဒိယနယ်စပ် စသည့် နေရာဒေသများတွင် လှုပ် ရှား လျက်ရှိသည်။

CNF သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော ချင်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး ထန်တလန်မြို့နယ်တွင် ဌာနချုပ်ထားရှိကာ ဟားခါး၊ တီးတိန်၊ မတူပီတို့တွင် လှုပ်ရှားလျက်ရှိသည်။