CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၉

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)မှ ဦးဆောင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့ ညီလာခံ(ပဉ္စမနေ့)တွင် ပြည်ထာင်စုလွှတ်တော် ကိုယ်စားပြုကော်မတီနှင့် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့အနေဖြင့် ဆက်လက် မတက်ရောက်နိုင်ကြောင်း ၂၀၂၄ ခုနှစ်၊ ဧပြီ ၈ ရက်နေ့စွဲဖြင့် စာပို့လာခဲ့သည်။

NUCC မှ ဦးဆောင် ကျင်းပသည့် ပြည်သူ့ညီလာခံကို ၂၀၂၄ ခုနှစ်၊ ဧပြီ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပခဲ့ပြီး နောက် ၂ ရက်ထပ်တိုး ကျင်းပခဲ့သည်။ သို့သော် ဧပြီ ၈ ရက်နေ့တွင် တစ်ရက်နားခဲ့ပြီးနောက် ဧပြီ ၉ ရက်နေ့မှာ နောက်ဆုံး ကျင်းပရန် အတည်ပြုဆောင်ရွက်ခဲ့သည်။

ထို့နောက် CRPH က အောက်ပါ အချက် ၅ ချက်ကို ဆောင်ရွက်လာခြင်းကြောင့် နောက်ဆုံးရက် ဧပြီ ၉ ရက်နေ့ တွင် ကျင်းပမည့် ပြည်သူ့ညီလာခံကို မတက်ရောက်နိုင်ကြောင်း NUCC စာပို့ခဲ့ခြင်း ဖြစ်သည်။

NUCC သို့ ပေးပို့သော စာထဲတွင် CRPH က (က) ညီလာခံတွင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၂)ပါ ပြဋ္ဌာန်းချက်များထက် ကျော်လွန်၍ ဆွေးနွေးဆုံးဖြတ် အတည်ပြုချက်ရယူရန် လုပ်ဆောင်မှုများ ရှိလာ ခြင်း၊ (ခ) ညီလာခံတွင် ကြိုတင် ဖြန့်ဝေထားသည့် အစီအစဉ်များထက် ကျော်လွန်၍ ဆွေးနွေးဆုံးဖြတ် အတည် ပြုချက် ရယူရန် လုပ်ဆောင်မှု များရှိလာခြင်း၊ (ဂ) ညီလာခံ၏ အစီအစဉ်တစ်ခုတွင် သဘာပတိက မှတ်တမ်း တင်ရန် ဆုံးဖြတ်ခဲ့ပြီးသော အကြောင်းအရာအား နောက်အစီအစဉ်တစ်ခုတွင် ပြန်လည်ပြင်ဆင်ဆုံးဖြတ် အတည်ပြုရန် ဆောင်ရွက်ခြင်း စသဖြင့် ဖော်ပြထားသည်။

ထို့နောက် (ဃ) ညီလာခံ၌ မူလအစီအစဉ်တွင် ပါဝင်ခြင်းမရှိသော ထပ်မံ တင်သွင်းသည့် အဆိုပြုချက်များသည် သက်ဆိုင်ရာ အစုအဖွဲ့များအတွင်း အကျေအလည် အချိန်ယူဆွေးနွေးပြီး သဘောထားရယူရန် လိုအပ်သည့် အပြင် ယခုထက် ပိုမိုစုံလင်သော Stakeholder များနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရန် လိုအပ်သည့် အကြောင်းအရာကိစ္စရပ်များဖြစ်ခြင်း၊ (င) အချို့သော ညီလာခံကိုယ်စားလှယ်များသည် ညီလာခံက ချမှတ်ထား သော စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရန် ပျက်ကွက်ခြင်း တို့ဖြစ်သည်။

CRPH မှ NUCC သို့ ပေးပို့သော စာပါ အကြောင်းအရာများကို လေ့လာကြည့်ပါက အတိုက်အခံများကြား ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသည်ကို တွေ့ရနိုင်ကြောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များကို အကျေအလည် မဆွေးနွေးဘဲ လူထုထောက်ခံမှု ရရှိရေးကိုသာ ဦးစားပေး လုပ်လာခြင်းဖြစ်သည်ကိုလည်း တွေ့ရနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

CRPH ဆိုသည်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် စုဖွဲ့ထားသော ကော်မတီဖြစ်သည်။ သို့သော် အများစုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုယ်စားလှယ် များဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှာ ပါဝင်နေသူများလည်း ဖြစ်သည်။