CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃

အကြမ်းဖက်မှု ကျူးလွန်သည့် ငှားရမ်းနေထိုင်သူများနှင့် CRPH ၊ NUG ၊ PDF တို့နှင့်ဆက်စပ်သူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူ ဆောင်ရွက်သည့်ခါ ငှားရမ်းထားသော နေအိမ်တိုက်ခန်းများအား အမှုနှင့်ဆက်စပ်၍ သက်သေခံအဖြစ် သိမ်းဆည်းမည်ဟု အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

CRPH ၊ NUG ၊ PDF အမည်ခံ အဖွဲ့အစည်း အမျိုးမျိုး အပါအဝင် ထိုအဖွဲ့များနှင့် ဆက်စပ်ပတ်သက်သော အဖွဲ့အစည်းများသည် အလွယ်တကူ ခြေရာခံနိုင်ခြင်းမရှိစေရန်အတွက် အဆောင်များနှင့် နေအိမ် တိုက်ခန်းများတွင် ငှားရမ်း နေထိုင်လျက်ရှိကြောင်း ဖမ်းဆီးရမိသည့် ဖြစ်စဉ်များအရ တွေ့ရှိရသည်ဟု အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် အဆောင်၊ နေအိမ် တိုက်ခန်းပိုင်ရှင်များ အနေဖြင့် ငှားရမ်းသူများ၏ ကိုယ်ရေး အချက်အလက်၊ အထောက်အထား ပြည့်စုံစွာ ရရှိမှသာ ငှားရမ်းခြင်းနှင့် ယင်းအချက်အလက် အထောက်အထားများဖြင့် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများသို့ ဧည့်စာရင်းတိုင်ကြားခြင်းကို ဆောင်ရွက် ရမည်ဟု အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ပြောသည်။

၎င်းက “ အကြမ်းဖက်မှု ကျူးလွန်သည့် ငှားရမ်းနေထိုင်သူများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်သည့်ခါ ငှားရမ်းထားသည့် နေအိမ်တိုက်ခန်းများကို အမှုနှင့်ဆက်စပ်၍ သက်သေခံအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ပြီး တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ချက်အရ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရ မည်ဖြစ်သည်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က အသိပေးထုတ်ပြန်ထားခဲ့ပြီး ဖြစ်ပါသည် ”ဟု ပြော သည်။

ထိုသို့ အသိပေးထုတ်ပြန်ခဲ့သော်လည်း နေအိမ်တိုက်ခန်း ပိုင်ရှင်အချို့သည် မသိကျိုးကျွန်ပြု၍ ဆက်လက် ငှားရမ်းပေးနေခြင်းသည် အကြမ်းဖက်မှုများကို ဆက်လက်ကျူးလွန်နိုင်အောင် အားပေးကူညီရာရောက်သကဲ့ သို့ ဖြစ်စေပါကြောင်း ထုတ်ပြန်ခဲ့သည်။

သို့ဖြစ်ပါ၍ ဖြစ်စဉ် ပေါ်ပေါက်သည့်အခါတွင် နေအိမ်တိုက်ခန်း ပိုင်ရှင်များအနေဖြင့် စနစ် တကျ စိစစ်၍ ငှားရမ်းခြင်း၊ ဧည့်စာရင်းတိုင်ကြားထားခြင်း မရှိကြောင်း တွေ့ရှိရပါက အဆိုပါ ငှားရမ်းထားသည့် နေအိမ် တိုက်ခန်းများကို သက်သေခံအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ပြီး တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ချက် အရ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဖြစ်သည့်အပြင် အကြမ်းဖက်မှုအား အားပေးကူညီသူ အဖြစ် အရေးယူခံရနိုင်ကြောင်း ထပ်မံ အသိပေး ထုတ်ပြန်ပါသည်ဟု အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က ထုတ်ပြန်ခဲ့သည်။