CNI International News

ဘန်ကောက်၊ ဇွန်လ ၁၄

ရွေးကောက်ပွဲဆိုင်ရာ ကိုယ်စားလှယ်ဖြစ်ခွင့်နှင့် ဆက်စပ်နေသော iTV ရှယ်ယာပိုင်ဆိုင်ခြင်း ကိစ္စအပေါ် ရွေးကောက်ပွဲကော်မရှင် (EC) ၌ မိမိကိုယ် မိမိ ရှင်းလင်းနိုင်မည်ဟု ယုံကြည်မှုရှိကြောင်း Move Forward ပါတီ ခေါင်းဆောင် ပီတာလင်ဂျာရိုရန်ရတ်(Pita Limjaroenrat)က ပြောသည်။ 

၎င်းအနေဖြင့် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ်ဖြစ်ရန် ကိစ္စအပေါ် အတားအဆီးဖြစ်စေသည့် အချက်များကို တိုက်ခိုက်သွားရန် အသင့်ရှိသည်ဟုလည်း ပီတာက ပြောသည်။ 

ပီတာက ၎င်းအနေဖြင့် မေလ ၁၄ ရက်နေ့ အထွေထွေရွေးကောက်ပွဲတွင် အရည်အချင်း မပြည့်မှီသည်ကို သိရှိ သည့်တိုင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြင့် ပုဒ်မ ၁၅၁ ကို ချိုးဖောက်မှုရှိသလား စုံစမ်းစစ်ဆေးမည့် နိုင်ငံရေးပါတီမှတ်ပုံ တင်ခြင်းဆိုင်ရာ အရာရှိ၏ ကြိုးပမ်းမှုနှင့် ရင်ဆိုင်ရမည်ဟု မထင်ကြောင်း ပြောသည်။

ဖျက်သိမ်းလိုက်ပြီဖြစ်သော Future Forward ပါတီ ခေါင်းဆောင်ဟောင်း သာနာသွန်း ဂျန်ရွန်ရန်ကစ် (Thanathorn Juangroongruangkit) ၏ ဖြစ်စဉ်ကို ကိုးကား၍ ပီတာက ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

Future Forward ပါတီ ခေါင်းဆောင်ဟောင်း သာနာသွန်း ဂျန်ရွန်ရန်ကစ်ကိုတွေ့ရစဉ်

သာနာသွန်းသည် မီဒီယာကုမ္ပဏီတစ်ခုတွင် ရှယ်ယာပိုင်ဆိုင်ခြင်းအတွက် လွှတ်တော်အမတ် တစ်ဦးအဖြစ် လုပ်ဆောင်ခြင်းမပြုရန် ဖွဲ့စည်းပုံ တရားရုံး၏ အမိန့်ချမှတ်ခြင်း ခံခဲ့ရသူ ဖြစ်သည်။ 

ယခုသီတင်းပတ်တွင် ဧပြီလ ၂၆ ရက်က iTV ရှယ်ယာရှင်များ အစည်းအဝေး၏ လက်ရေး မှတ်တမ်းနှင့် အစည်းအဝေး သဘာပတိမှ ထုတ်ပြန်သည့် မှတ်တမ်တို့အကြား ကွာဟချက်များ ရှိနေသည်ဆိုသည့် အငြင်းပွားဖွယ်ရာ တစ်ခုကို ရုပ်သံအစီအစဉ်တစ်ခုတွင် ဖော်ထုတ်နိုင်ခဲ့သည်။ 

ထိုကိစ္စ မတိုင်ခင် ကတည်းက iTV အား မီဒီယာကုမ္ပဏီတစ်ခုအဖြစ် ပြန်လည် အသက်သွင်းရန် ကြိုးပမ်းမှုများကို သတိပြုမိထားသည်ဟု ပီတာက ပြောသည်။ 

ထိုအငြင်းပွားမှုနှင့် ပတ်သက်၍ တစ်စုံတစ်ဦးသည် ၎င်းအား သတင်းတွင် ဖော်ပြသည်များထက် ပိုသော အချက်အလက်များ ပေးခဲ့သည်ဟု ပီတာက ပြောသည်။

ထို့နောက် ပါတီ၏ ဥပဒေအဖွဲ့သည် ထိုကိစ္စကို ကိုင်တွယ် ဆောင်ရွက်နေသည်ဟု ၎င်းက ပြောသည်။

ထိုင်းရွေးကောက်ပွဲ မဲထည့်နေကြစဉ်

နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၏ ၎င်းအပေါ် တိုင်ကြားချက်များနှင့် ပတ်သက်ရာတွင်လည်း ပီတာက ၎င်းသည် သာနာသွန်း ကဲ့သို့ပင် အရည်အချင်း ပြည့်မှီမှု၊ လွှတ်တော်အမတ်ဖြစ်မှု စသည်တို့အပေါ် ဆုံးဖြတ်ပေးရန် ဖွဲ့စည်းပုံ တရားရုံး၊ ဗဟိုတရားရုံး သို့မဟုတ် ရာဇဝတ်မှု တရားရုံးတို့ထံ လွှတ်တော်အမတ်များ၏ လက်မှတ်ရေးထိုး တောင်းဆိုမှုနှင့် ရင်ဆိုင်ရဖွယ် ရှိသည်ဟု ဝန်ခံသည်။ 

၎င်းအား ဝန်ကြီးချုပ် ဖြစ်လာစေခြင်းကို တားဆီးမည့် မည်သည့် ကိစ္စမျိုးတွင်မဆို ရင်ဆိုင် ဖြေရှင်းသွားနိုင်မည်ဟု ယုံကြည်ချက်ရှိကြောင်း ပီတာက ပြောသည်။ 

ပုဒ်မ ၁၅၁ က ၎င်းအား ထိုင်းနိုင်ငံ၏ ၃၀ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်လာခြင်းကို တားဆီးနိုင်မည် မဟုတ်ဟု ပီတာ က ပြောသည်။

လွှတ်တော်အမတ်အဖြစ် လေးနှစ်တာ သက်တမ်း ကုန်ဆုံးချိန်တွင် ပိုင်ဆိုင်မှုများကို ကြေညာရန် လိုအပ်ချက်နှင့် ပတ်သက်၍လည်း ပီတာက ၎င်းသည် လက်ရှိအချိန်၌ တရားဥပဒေအရ သတ်မှတ်ထားသည့် လိုအပ်သော စာရွက် စာတမ်းများကို ဇွန်လ ၁၈ ရက် မတိုင်ခင်အတွင်း အမျိုးသား အကျင့်ပျက်ခြစားမှု တိုက်ဖြတ်ရေး ကော်မရှင်သို့ တင်သွင်းနိုင်ရန် ပြင်ဆင်မှုများ လုပ်ဆောင်နေသည်ဟု ပြောသည်။ 

Source: Thai PBS