CNI International News

ကိယတ်ဗ်၊ ဇွန်လ ၁၄

ရုရှား၏ နယ်စပ်ဒေသများကို ကာကွယ်ရန်အတွက် ယူကရိန်းတွင် နောက်ထပ် နယ်မြေများ ထပ်မံသိမ်းပိုက်ရေး တပ်များကို အမိန့်ပေးဖွယ်ရှိသည်ဟု ရုရှားသမ္မတ ပူတင် (Vladimir Putin) က ဇွန်လ ၁၃ ရက်နေ့တွင် ပြောခဲ့ ကြောင်း အေပီမှ ရေးသားဖော်ပြခဲ့သည်။

ကျူးကျော်ပြီးသား နယ်မြေများကိုပင် အပြည့်အဝ ထိန်းချုပ်ထားနိုင်ခြင်း မရှိသောကြောင့် ထိုခြိမ်းခြောက်မှုသည် မေးခွန်းထုတ်ဖွယ် ကောင်းနေသည်။ 

ပူတင်၏ စစ်ပွဲနှင့်ပတ်သက်၍  သေသေချာချာ ပြောဆိုမှုများတွင် ယူကရိန်းတပ်များသည် တန်ပြန်ထိုးစစ်ဆင်မှု အသစ်တွင် ကြီးကြီးမားမား ဆုံးရှုံးမှုများ ရှိနေသည်ဟု ရုရှားခေါင်းဆောင်က ပြောသည်။

ထို့နောက်  ရုရှားပြည်သူများ စိုးရိမ်နေသကဲ့သို့ တပ်သားသစ်များ ထပ်မံ စေလွှတ်ရန် စီစဉ်နေခြင်း မရှိဟုလည်း ၎င်းက ပြောသည်။ 

ယူကရိန်းနယ်မြေထဲက တိုက်ခိုက်ခံရသော အဆောက်အဦများကိုတွေ့ရစဉ်

သို့သော် နောက်ပိုင်း ပြောဆိုမှုများတွင်တော့ နောက်ထပ် တပ်တစ်တပ်ကို ထပ်မံဖွဲ့စည်းရေး ပူတင်က   မငြင်းခဲ့ ပြန်ချေ။ 

ထို့အပြင် ရှေ့တန်းစစ်မျက်နှာပြင် နှစ်ဖက်စလုံးအတွက် ရေကြီးရေလျှံမှုများ ဖြစ်စေခဲ့သော ပြီးခဲ့သည့် သီတင်းပတ် ယူကရိန်းတောင်ပိုင်း ဆည်ကျိုးပေါက်မှုသည်လည်း ယူကရိန်းတို့၏ လက်ချက်ဖြစ်သည်ဟု ပူတင်က အခိုင်အမာ ထပ်မံ ပြောဆိုခဲ့သည်။

ယူကရိန်းတို့၏ တန်ပြန်ထိုးစစ်ဆင်မှု အစပိုင်း ကာလများတွင် ကျေးရွာတစ်ချို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည် ဟု သတင်းများ ပေါ်ပေါက်လာခဲ့ပြီးနောက် စစ်ဘက်ဆိုင်ရာ သတင်းသမားများ၊ ဘလော့ဂါများနှင့် တွေ့ဆုံစဉ်တွင် ပူတင်က ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
 
တရားမဝင် ကျူးကျော်ထားသော ဒေသလေးခုမှ ရုရှားတပ်များကို ဖယ်ရှားရန် ယူကရိန်းဘက်က ကြိုးပမ်းနေခြင်း ဖြစ်သည်။ 

ပူတင်၏ သတင်းသမားများနှင့် တွေ့ဆုံမှုသည် နှစ်နာရီကျော် ကြာမြင့်ခဲ့ရာ ရုရှား၏ ယူကရိန်းအလယ်ပိုင်းသို့ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ယူကရိန်းပြည်သူ အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့ရပြီးနောက် တွေ့ဆုံခဲ့ ခြင်း ဖြစ်သည်။ 

ယူကရိန်း၏ တန်ပြန်ထိုးစစ်သည် အောင်မြင်မှုမရှိဟု ပူတင်က ပြောသည်။ 

ထိုစစ်ဆင်ရေး စတင်ပြီးနောက် ယူကရိန်းသည် တင့်ကား ၁၆၀၊ အခြားသော သံကျပ်ကာကား ၃၆၀ ခန့် ဆုံးရှုံးခဲ့ ကာ ရုရှားသည် တင့်ကား ၅၄ စင်းသာ ဆုံးရှုံးခဲ့ရသည်ဟု ပူတင်က ပြောသည်။ သို့သော် ထိုသို့ ဆုံးရှုံးမှုများ အမှန်တကယ် ရှိ/မရှိကိုတော့ အတည် မပြုနိုင်သေးပေ။ 

ယူကရိန်း အရာရှိများသည်လည်း ထိုကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပြုခြင်း မရှိပေ။ 

ပူတင်၏ ပြောဆိုမှုနှင့်ပတ်သက်၍ အိမ်ဖြူတော်သို့ ဆက်သွယ် မေးမြန်းမှုသည်လည်း ပြန်လည် ဖြေကြားမှုမရှိ သေးပေ။ 

ရုရှား ထိုးစစ်အသစ်များလုပ်ဖို့ ဆွေးနွေးနေကြစဉ်

ပူတင်၏ ပြောဆိုမှုသည် မှန်ကန်ခြင်း မရှိကြောင်း၊ ယင်းသည် ရုရှားပြည်သူများကို အယုံသွင်းခြင်းသာဖြစ် ကြောင်း အမေရိကန် ထောက်လှမ်းရေးဌာနနှင့် နီးစပ်သည့် အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောသည်။ 

သို့သော် ပူတင်၏ ပြောဆိုမှုသည် မည်သို့မည်ပုံ မှားယွင်းနေသည်ကိုတော့ ၎င်းက မရှင်းပြခဲ့ချေ။ 

ယူကရိန်းတို့၏ ရုရှားနယ်စပ် ဒေသများသို့ ရုတ်တရက် ဝင်ရောက် တိုက်ခိုက်ခြင်း၊ အမြောက်ဖြင့် ပစ်ခြင်းတို့နှင့် ပတ်သက်၍ ပြောဆိုရာတွင် ပူတင်က ၎င်းအနေဖြင့် ယူကရိန်းနယ်မြေပေါ်တွင် ကြားခံဇုန်တစ်ခု ဖန်တီးရေး စဉ်းစားနေသည်ဟု ပြောသည်။ 

စစ်ပွဲ၏ ကနဦး ကာလတွင် မြို့တော် ကိယက်ဗ်နှင့် ပတ်ဝန်းကျင်ဒေသများကို သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိပေ။

ထို့နောက် ကျူးကျော်ထားသော နေရာများအပြင် ထိန်းချုပ်ထားသည့် နယ်မြေများကိုပါ ဆုံးရှုံးနေရသည့် ရုရှား အနေဖြင့် ကီလိုမီတာ ၁၀၀၀ ကျော် ရှည်လျားသော ရှေ့တန်းစစ်မျက်နှာပြင်၌ တန်ပြန် ထိုးစစ်နှင့်ရင်ဆိုင်ရသည်။

ထိုသို့ ရင်ဆိုင်နေရချိန်တွင် နောက်ထပ် နယ်မြေသစ်များ ထပ်မံ သိမ်းပိုက်နိုင်ဦးမည်လား ဆိုခြင်းကိုလည်း ရှင်းရှင်း လင်းလင်း မသိရသေးပေ။ 

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ရုရှား၏ နယ်စပ်ဒေသများတွင် တိုက်ခိုက်မှုများ ပိုမိုများပြားလာခဲ့ပြီး ထိုသို့ ရုတ်တရက် ဝင်ရောက် တိုက်ခိုက်မှုများနှင့် ဒရုန်းတိုက်ခိုက်မှုများအတွက် ရုရှားအစိုးရက ယူကရိန်းကို အပြစ်တင် ထားသည်။

Source: AP