CNI International News

ပေကျင်း၊ ဇန်နဝါရီ ၁၈

ထိုင်ဝမ်ကို ထိန်းချုပ်ရန် အင်အားသုံး လုပ်ဆောင်သွားမည်ဆိုသည့် ခြိမ်းခြောက်မှုများသည် ပြည်ပကြားဝင် စွက်ဖက်မှုများနှင့် လက်တစ်ဆုပ်စာ ထိုင်ဝမ်ခွဲထွက်ဝါဒီများကိုသာ ရည်ရွယ်ခြင်းဖြစ်ကြောင်း တရုတ်က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထို့ပြင် ထိုင်ဝမ်ဒေသခံများ အနေဖြင့် တရုတ်အပေါ် အထင်အမြင် လွဲမှားနေမှုများကို အဆုံးသတ်ရန် လိုအပ် ကြောင်းလည်း တရုတ်၏ ထိုင်ဝမ်ရေးရာရုံးက ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ဇန်နဝါရီ ၁၃ ရက်က ပြုလုပ်ခဲ့သည့်် သမ္မတရွေးကောက်ပွဲကို အနိုင်ရခဲ့သည့် ထိုင်ဝမ်၏ ဒီမိုကရက်တစ် တိုးတက် ရေးပါတီ (DPP) ကမူ ထိုင်ဝမ်ကို ပိုင်ဆိုင်ကြောင်း ကြေညာထားသော တရုတ်၏ ပြောကြားချက်များကို ငြင်းဆို ခဲ့ပြီး တရုတ်နှင့် ဆွေးနွေးမှုများပြုလုပ်ရန် ထပ်တလဲလဲ ကမ်းလှမ်းခဲ့သည်။

သို့သော် တရုတ်အစိုးရက ထိုင်ဝမ်၏ ကမ်းလှမ်းမှုများကို ပယ်ချခဲ့သည်။

ထိုင်ဝမ်သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရသည် လိုင်ချင်တေးကို အန္တရာယ်များသည့် ခွဲထွက်ဝါဒီ တစ်ဦးအဖြစ် တရုတ်က ယူဆထားသည်။ 

 ထိုင်ဝမ် အလံကို လွှင့်တင်နေစဉ်

တရုတ်၏ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ ချန်းပင်ဟွာ (Chen Binhwa) ကမူ ထိုင်ဝမ်ရွေးကောက်ပွဲ ရလဒ် သည် ထိုင်ဝမ်အပေါ်ထားရှိသည့်် တရုတ်၏သဘောထားကို ပြောင်းလဲစေနိုင်မည် မဟုတ်ကြောင်းနှင့် ထိုင်ဝမ် သည် တရုတ်နှင့်ပြန်လည် ပေါင်းစည်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မိမိတို့၏ အင်အားပြ ခြိမ်းခြောက်မှုများသည် ထိုင်ဝမ်ဒေသခံ အများစုကို ရည်ရွယ်ခြင်း မဟုတ်ကြောင်း၊ ပြည်ပ၏ ကြားဝင်စွက်ဖက်မှုများနှင့် ထိုင်ဝမ်လွတ်လပ်ရေး ခွဲထွက်ဝါဒီ အချို့ကိုသာ ရည်ရွယ်ခြင်းဖြစ်ကြောင်း ချန်က ပြောကြားခဲ့သည်။

တရုတ်သည် ပြီးခဲ့သည့် တစ်နှစ်ကျော်က ထိုင်ဝမ်ကျွန်းအနီးတွင် အကြီးစား စစ်ရေးလေ့ကျင့်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ ပြီး ထိုင်ဝမ်ရေလက်ကြားအတွင်းသို့ တိုက်လေယာဉ်များနှင့် စစ်သင်္ဘောများကို ပုံမှန်စေလွှတ်ခဲ့သည်။

DPP ပါတီအနေဖြင့် နောင်တမရဘဲ လွတ်လပ်ရေးကြိုးပမ်းသည့် ရန်လိုမှုများကို ဆက်လက် လုပ်ဆောင်မည် ဆိုပါက ထိုင်ဝမ်ကို အန္တရာယ်များသည့် အခြေအနေသို့ တွန်းပို့ရာရောက်ပြီး ထိုင်ဝမ်ကို အကြီးအကျယ် ထိခိုက် နစ်နာစေလိမ့်မည်ဖြစ်ကြောင်း ချန်က ပြောကြားခဲ့သည်။

Source: ရိုက်တာ