CNI News 

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၇

ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေးရိက္ခာဖူလုံရေး ဒေသအလိုက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရန် လိုအပ်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၅ ရက်နေ့က မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပွဲ တွင် ၎င်းက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ အဓိကအားဖြင့် စားရေးရိက္ခာဖူလုံရေးပင်ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို စနစ်တကျဖြင့် ဆောင်ရွက်မည်ဆိုပါက စားရေးရိက္ခာဖူလုံမည်ဟု နစကဥက္ကဋ္ဌက ပြောသည်။

၎င်းက “စိုက်ဧကများအလိုက် ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင် စိုက်ပျိုးရန်လိုပြီး သီးထပ်များ စိုက်ပျိုးရန် လည်း လိုကြောင်း၊ အနည်းဆုံးသီးထပ် ၂၀၀ ရာခိုင်နှုန်း စိုက်ပျိုးနိုင်ရန်လိုပြီး ထိုသို့ စိုက်ပျိုးနိုင်မည်ဆိုပါက အထွက်နှုန်းများ ၂ ဆ တိုးလာမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးရှိ မြို့၊ ရွာများသည် ဧရာဝတီမြစ်၏ ဝဲ၊ ယာတွင်ရှိပြီး စနစ်တကျဖြင့် အကျိုးရှိအောင် အသုံးချနိုင်မည်ဆိုပါက များစွာအကျိုး ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ဆည်ရေသောက်ဧရိယာများမှ သီးထပ်စွမ်းအားများကိုလည်း မြင့်တက်လာအောင် ဆောင်ရွက်နိုင်ရန်လိုသည်” ဟု ပြောသည်။

ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ အနေဖြင့်လည်း စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ‌ဒေသတွင်း စားရေးဖူလုံမှုကို များစွာ အထောက်အကူ ဖြစ်စေမည်ဟု နစကဥက္ကဋ္ဌက ပြောသည်။

 စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို လိုက်လံကြည့်ရှုနေစဥ်

အလားတူ ပြည်တွင်းစားသုံးဆီ လုံလောက်မှုရရှိရန် ဆီထွက်သီးနှံများကို အထွက်နှုန်းတိုးအောင် စိုက်ပျိုးနိုင်ရန်လို ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။ 

၎င်းက “ဆီထွက်သီးနှံများကို ဆီအဖြစ် ထုတ်ယူသုံးစွဲခြင်းထက် ပို့ကုန်များအဖြစ် တင်ပို့ခြင်းနှင့် တိုက်ရိုက်စားကုန် များအဖြစ် စားသုံးခြင်းများကြောင့် ဒေသတွင်း ဆီလိုအပ်ချက်များ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ဆီထွက်သီးနှံများကို အထွက်နှုန်း တိုးတက်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက အထွက်နှုန်းများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်တွင်းမှ ထွက်ရှိသည့် ပိုလျှံဆီထွက်သီးနှံ နှမ်း၊ နေကြာနှင့် မြေပဲတို့ကို စားသုံးဆီအဖြစ် ကြိတ်ခွဲဆောင်ရွက် မည်ဆိုပါက ပြည်တွင်းစားသုံးဆီ လုံလောက်မှုရှိနိုင်မည်” ဟု ပြောသည်။

 ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပွဲကို တွေ့ရစဥ်

ထို့နောက် သီးထပ်စွမ်းအား အနည်းဆုံး ၂၀၀ ရာခိုင်နှုန်း တိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုပြီး မွေးမြူရေး လုပ်ငန်းများကိုလည်း ဒေသအလိုက် တိုးတက်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း နစကဥက္ကဋ္ဌက ပြော သည်။

နစကအနေဖြင့် ပြည်တွင်း စားရေးရိက္ခာ ဖူလုံရေးအတွက် ဆောင်ရွက်နေရသလို အခြေခံကုန်စျေးနှုန်းကိုလည်း ထိန်းနေရသည်။

လက်ရှိတွင် ဇွန်လနှင့် ဇူလိုင်လအတွင်း မိုးသည်းထန်စွာ ရွာသွန်း၍ မြစ်‌ရေကြီးမှုကြောင့် စိုက်ပျိုးမြေဧကများ ပျက်စီးမှုများရှိနေသည်။

ထို့နောက် နစကသည် အမြန်ပြန်လည် စိုက်ပျိုးနိုင်ရေး လုပ်ငန်းများ လုပ်ဆောင်နေသလို ပြည်တွင်းစားသုံးဆီ ကိုလည်း သမဝါယမစနစ်ဖြင့် ရောင်းချနိုင်ရန် စတင်လုပ်ဆောင်လျက်ရှိသည်။