CNI News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၃

မြဝတီမြို့၏ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင် ရှိသူများကိုသာ UID စမတ်ကဒ် ပြုလုပ်ပေးတော့သဖြင့် နယ်စပ်ထွက်ခွာရန် ရောက်ရှိနေသည့် အခြားဒေသခံများမှာ အခက်တွေ့နေကြကြောင်း ပရဟိတအသင်းအဖွဲ့ များက CNI သတင်းဌာနသို့ ပြောသည်။

ယခင်က မြဝတီမြို့တွင် မည်သည့်ဒေသမှ ရောက်ရှိလာသူမဆို UID စမတ်ကဒ် ပြုလုပ်ပေးနေခြင်းဖြစ် သော်လည်း ထိုသို့ ကန့်သတ်မှုဖြစ်ပေါ်သွားခြင်းမှာ UID ကဒ် အတုပြုလုပ်သည့် ပြဿနာများ မြဝတီတွင် ဖြစ်ပေါ်သွားသော အတွက်ကြောင့်ဖြစ်ကြောင်း သိရသည်။

နယ်စပ်ဂိတ်မှ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာမည်ဆိုပါက UID ကဒ်ပါရှိမှ ရသဖြင့် အခြားဒေသခံများ အခက်တွေ့နေခြင်းဖြစ်ကြောင်း အလင်းသစ် ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

မြဝတီမှာ UID ကဒ်လုပ်နေကြသူများကိုတွေ့ရစဉ်

၎င်းက “အဲဒီလိုမျိုး လုပ်လိုက်တဲ့အခါကြတော့ အပေါ်မှာ ရောက်နေတဲ့သူတွေက သူတို့ဒေသ သူတို့ပြန်ပြီး UID ပြန်လုပ်ရမယ့် ပုံစံမျိုး ဖြစ်သွားတာပေါ့။ မြဝတီမှာ လုပ်လို့မရတော့ဘူးလေ။ လမ်းခရီးကြမ်းတယ် နောက် တောလမ်းတွေကနေ သွားရတဲ့အတွက်ကို ခရီးစရိတ်တွေက တအားများတယ်။ ခရီးစရိတ်တွေက ပုံမှန် သောင်း ကဏန်းပေါ့နော်။ မြဝတီ-ဘားအံဆိုရင် ပုံမှန်ဆို ၁ သောင်းခွဲလောက်နဲ့ သွားနေတဲ့ လမ်းခရီးကို အနိမ့်ဆုံး တစ်သိန်းသုံးသောင်း၊ တစ်သိန်းခွဲ အဲဒီလောက် ပေးပြီးတော့ သွားလာနေကြတာ တွေ့ရတယ်။ သူတို့တွေက အခုက တချို့ဆိုရင် အိမ်ငှားလိုက်တာပေါ့။ အိမ်ငှားပြီးတော့ စုနေကြတဲ့ပုံစံမျိုးတွေ တွေ့ရတယ်။ နောက်ပြီးတော့ ကျနော်တို့မြဝတီမှာက နှစ်ပိုင်းကွဲနေတယ်။ ထိုင်းဘက်ကိုမသွားပဲနဲ့ မြဝတီနယ်စပ် ကာစီနိုရုံတွေမှာ အလုပ်ဝင်ဖို့ လာစောင့်နေတဲ့ သူတွေလည်း ရှိတယ်။ အဲဒီလိုလူတွေကလည်း အလုပ်မဝင်ခင်ကို မြို့ပေါ်က ရပ်ကွက်တွေထဲမှာ အိမ်လုံးချင်းတွေငှားပြီး စုပြီးနေကြပြီးတော့ ချက်ပြုတ်စားသောက် နေတာမျိုးလည်း တွေ့ရတယ်” ဟု ပြောသည်။

သို့သော် မြဝတီဒေသခံ မဟုတ်ဘဲ သက်ဆိုင်ရာ အာဏာပိုင်များနှင့် ဆက်နွယ်နေသူများဖြစ်ပါက ပြုလုပ်ပေး ကြောင်း သိရသည်။

ယခုကဲ့သို့ မြဝတီဒေသခံများကိုသာ UID ပြုလုပ်ပေးမည်ဟု ထုတ်ပြန်ထားသော်လည်း အခြားဒေသခံများအတွက် ပွဲစားများမှ နည်းလမ်းတစ်မျိုးဖြင့် လုပ်ဆောင်လာကြဦးမည်ဖြစ်ကြောင်း ပရဟိတအသင်းအဖွဲ့နှင့် ဒေသခံများက ပြောသည်။

နယ်စပ်ဒေသများတွင် အလုပ်လုပ်ကိုင်ရန် ရောက်ရှိနေကြသူများ၊ တိုက်ပွဲရှောင်များကြောင့် လက်ရှိ မြဝတီမြို့၌ အိမ်ငှားရမ်းရ ခက်ခဲနေကြောင်း၊ ငှားရမ်း၍ရသော်လည်း အိမ်အငှားဈေးကွက်မှာ ယခင်ကထက် ဈေးမြင့်တက် နေကြောင်း သိရသည်။

မြဝတီမှာ UID ကဒ်လုပ်ရန် စောင့်နေကြသူများကို တွေ့ရစဉ်

လက်ရှိတွင် ကျပ်ငွေတန်ဖိုး ကျဆင်းမှုများကြောင့် မြဝတီမြို့တွင် အစစအရာရာ ဘတ်ငွေဈေးဖြင့်သာ ရောင်းချ နေကြကြောင်း မြဝတီဒေသခံ ဦးအောင်ခင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မြဝတီမှာ‌တော့ ဘယ်ဆိုင်ရယ်လို့ မဟုတ်ဘူး ထိုင်းဘတ်နဲ့ ဆိုင်တိုင်းလိုလို ဝယ်လို့ရတယ်။ ကျပ်ရော ဘတ်ရော နှစ်မျိုးလုံးတွဲသုံးကြတာလေ။ ထိုင်းဘတ်သုံးချင်တဲ့သူရှိရင် ထိုင်းဘတ်နဲ့ဝယ်လို့ရတယ်။ တကယ်လို့ ထိုင်းဘတ်နဲ့ ဈေးနှုန်းသတ်မှတ်ထားတာကို ဝယ်မယ်ဆိုရင်လည်း ဗမာငွေကို တွက်ပြီးတော့ လက်ခံတာမျိုးတွေ ရှိတယ်။ ထိုင်းဘတ်ငွေနဲ့ပဲ ဈေးထားထားကြတယ်။ ဈေးနှုန်းတွက်တော့လည်း ထိုင်းဘတ်ငွေနဲ့ပဲ” ဟု ပြောသည်။

လက်ရှိတွင် မြဝတီနယ်စပ်ဂိတ်၌ အလုပ်သွားရောက် လုပ်ကိုင်မည့် သူများမှအပ အခြားကိစ္စဖြင့် သွားရောက်မည့် သူများ မရှိကြောင်းလည်း သိရသည်။

ထို့အပြင် တရားမဝင် ခိုးဝင်သည့် လမ်းကြောင်းမှာလည်း ပိုမိုများပြားလာသည့်အပြင် ယခင်က ကုန်ကျစရိတ် သိန်း ၂၀ ဝန်းကျင်ရှိသော်လည်း ယခုအခါတွင် သိန်း ၄၀ ဝန်းကျင်ရှိကြောင်း သိရသည်။