CNI News

၂၀၂၄ ခုနှစ်၊ မေလ ၉

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် Unique Identification Number (UID) စမတ်ကဒ်အတွက် တုံကင် ရယူကြ ရာမှာ အမြန်ကြေးအဖြစ် သိန်းချီပေါက်ဈေးရှိနေကြောင်း မြဝတီဒေသခံများက CNI သတင်းဌာနသို့ ပြောသည်။

နယ်စပ်ဂိတ်ပေါက်များမှ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass) ဖြင့် သွားလာကြမည့်သူများအား မေလ ၁ ရက်နေ့မှ စတင်ကာ UID ကဒ်(မှတ်ပုံတင်စမတ်ကဒ်)ပါရှိမှသာ ဖြတ်သန်းသွားလာခွင့်ပြုမည်ဟု သတ်မှတ်ထား ခြင်းကြောင့် UID စမတ်ကဒ် ပြုလုပ်ရန် တုံကင်ယူကြသူ ဦးရေမှာ များပြားလွန်းပြီး အမြန်ကြေးအဖြစ် သိန်းချီ ပေါက်ဈေး ရှိသွားခြင်းဖြစ်ကြောင်း သိရသည်။

ထိုအခြေအနေများကြောင့် လက်ရှိတွင် မေလ ၈ ရက်နေ့မှစတင်ကာ တုံကင်ထုတ်ပေးမှုကို ယာယီ ရပ်ဆိုင်း ထားကြောင်း မြဝတီမြို့ရှိ လူမှုကူညီ ကယ်ဆယ်ရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

မြဝတီမြို့က လ၀က ရုံးမှာ UID ကဒ်လာလုပ်နေကြသူများကိုတွေ့ရစဉ်

၎င်းက “သူတို့ အဲဒီငွေပေးပြီး လုပ်တဲ့ကိစ္စတွေ နည်းနည်း ပြဿနာနည်းနည်း ရှိသွားတယ်။ လ.ဝ.ကနဲ့ ပွဲစားတွေနဲ့ လေ။ မြို့နယ်ဦးစီးမှူးနဲ့ သူတို့ခိုင်းထားတဲ့ ပွဲစားတွေနဲ့ ငွေကြေးယူပြီး လုပ်တဲ့ကိစ္စတွေက နည်းနည်း hot ဖြစ်သွား တော့ ဘယ်လိုပြန်ပြီး ဘယ်လို system နဲ့ ပြန်သွားမလဲတော့မသိဘူး လောလောဆယ်တော့ ရပ်နားထားတယ်။ မြဝတီဒေသခံက လူဦးရေနည်းပါတယ်။ ထိုင်းဘက်မှာ ၇ ရက် နေထိုင်ခွင့်လက်မှတ်နဲ့ အလုပ်သွားလုပ်တဲ့ အလုပ်သမားတွေက ပိုများတယ် လာပြီးလုပ်ကြတာ။ အခုပြဿနာတက်နေတာက အဲဒီလိုလုပ်တဲ့အခါကြတော့ အမြန်လိုချင်ရင် ငွေပေးပြီးလုပ်ရတဲ့ အနေအထားတွေ ဖြစ်လာတယ်။ ကြားထဲက လ.ဝ.ကနဲ့ ပတ်သက်ဆက်နွယ် တဲ့ လူတွေက ကဒ်တစ်ခုကို ဘယ်လောက်ဆိုတဲ့ ဈေးနှုန်းနဲ့ သတ်မှတ်ပြီးတော့ ပိုက်ဆံတွေကောက်ပြီး အမြန်လုပ် တဲ့ဟာနဲ့ လုပ်နေကြတာတွေ့ရတယ်။ စစချင်းတုန်းက ကဒ်တစ်ခုကို သုံးသောင်း၊ ငါးသောင်း၊ အခုဆို ရှစ်သောင်း၊ တစ်သိန်းအထိပါ ကြားနေရတယ်” ဟု ပြောသည်။

မေလ ၈ ရက်နေ့မှစတင်ကာ တုံကင်ထုတ်ပေးမှုကို ယာယီ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သော်လည်း လျှောက်လွှာ အသစ်များအား လာမည့် တနင်္လာနေ့မှသာ လက်ခံပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

မြဝတီမြို့ရှိ လ.ဝ.က ရုံးတွင် UID စမတ်ကဒ်များအား တစ်ရက်လျှင် ပျမ်းမျှလူဦးရေ ၃၀၀ ဝန်းကျင်ခန့်အထိ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ထို UID ကဒ်အား လ.ဝ.က ရုံးများတွင် ပြုလုပ်ပေးခြင်းအပြင် နယ်စပ်ဂိတ်ပေါက်များတွင်လည်း တစ်ခါတည်း ပြုလုပ်ပေးမည်ဆိုပါက ပို၍ လွယ်ကူမြန်ဆန်သွားမည်ဖြစ်ကြောင်း ထောက်ပြကြသည်။

နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass) အား UID ကဒ် ပါရှိမှ ထုတ်ပေးမည်ဟု သတ်မှတ်လိုက်ခြင်းသည် အခကြေးငွေပေးရမည့် လမ်းကြောင်းကို ဖွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။

မြဝတီမြို့က လ၀က ရုံးမှာ UID ကဒ်လာလုပ်နေကြသူများကိုတွေ့ရစဉ်

၎င်းက “ဒါကသက်သက် ဝင်ငွေတစ်ခုရှာတဲ့ နည်းလမ်းတစ်ခုပါပဲ။ ဒါက ဘာမှမဟုတ်တဲ့ကိစ္စကို သူတို့ ဝင်ငွေရှာတဲ့ ကိစ္စပဲ။ နိုင်ငံသားတစ်ယောက်မှာ နိုင်ငံသားမှတ်ပုံတင် ထုတ်ပေးထားပြီးပြီပဲလေ။ မှတ်ပုံတင်ပြလိုက်ရုံနဲ့ ထိုင်းနိုင်ငံကို လွတ်လပ်စွာ သွားလာလို့ရတဲ့ အနေအထားမှာ နှစ်ဦးနှစ်ဖက် ဆွေးနွေးထားပြီးဖြစ်တယ်။ ဒီကိစ္စကို နာမည်တစ်ခုတပ်ပြီးမှ ခေါင်းစဉ်ရှာတာပါ။ တကယ်တမ်း သူတို့ ပိုက်ဆံရှာတာပါ။ ဘယ်လို မူဝါဒပဲလုပ်လုပ် လုပ်လို့ရတာပဲ။ ဒါပေမယ့် လုပ်တဲ့အခါမှာ အများပြည်သူဆီက အကျိုးအမြတ်ရဖို့ပဲ စဉ်းစားတယ်။ အများပြည်သူ ကို ဝန်ဆောင်မှုပေးတဲ့ နည်းလမ်း သိပ်မစဉ်းစားဘူး။ ကျနော့်အမြင်ကတော့ သူတို့ရဲ့ လုပ်ဆောင်ချက် နည်းလမ်း တိုင်းကတော့ အခမဲ့ဆိုပေမယ့် အခမဲ့တော့ မဟုတ်ပါဘူးလို့ သုံးသပ်တယ်။ ဘယ်လိုပုံစံမျိုးပဲလုပ်လုပ် အခမဲ့ မဟုတ်ပါဘူး” ဟု ပြောသည်။

UID စမတ်ကဒ်အတွက် လျှောက်ထားသူများ အနေဖြင့် အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်တို့ ကိုင်ဆောင်ထားရမှာ ဖြစ်ပြီး မျက်လုံး scan ဖတ်ခြင်း၊ လက်ဗွေနှိပ်ခြင်း စသည့် ဇီဝအချက်အလက် ကောက်ခံခြင်းများ ပြုလုပ်ပြီးပါက UID ကဒ် ရရှိမည်ဖြစ်သည်။

ထိုသို့ UID စမတ်ကဒ် ပြုလုပ်ရာတွင် နိုင်ငံတော်မှ အခမဲ့ ဆောင်ရွက်ပေးနေခြင်းဖြစ်သော်လည်း အောက်ခြေတွင် ပွဲစားများမှ အခကြေးငွေရယူကာ လုပ်ဆောင်နေကြခြင်းဖြစ်သည်။