CNI News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၂

လက်ရှိ မြန်မာနိုင်ငံတွင် ကျပ်ငွေတန်ဖိုး တရှိန်ထိုးကျဆင်းနေသည့် ပြဿနာကို ပြန်လည်ထိန်းချုပ်ရန်အတွက် နိုင်ငံရေးတည်ငြိမ်ခြင်းမှအပ အခြားနည်းလမ်းများ ရှိနိုင်သေးသလားဆိုသည့်အပေါ် စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် ငွေကြေးကျွမ်းကျင်ပညာရှင်များအကြား သုံးသပ်ဆွေးနွေးလျက်ရှိနေသည်။

မြန်မာနိုင်ငံတွင် လတ်တလော ကြုံတွေ့နေရသည့် ကျပ်ငွေတန်ဖိုး ကျဆင်းကာ ငွေကြေး အဆမတန် ဖောင်းပွ လာနေခြင်းသည် နိုင်ငံရေး မတည်ငြိမ်သည့် အတွက်ကြောင့်ဖြစ်ကြောင်း၊ နိုင်ငံရေးတည်ငြိမ်ပါက စီးပွားရေးမှာ အထိုက်အလျောက် ပြန်လည်အဆင်ပြေသွားမည်ဖြစ်ကြောင်း ၎င်းတို့က သုံးသပ်ကြသည်။

ထိုပြဿနာအား ဖြေရှင်းရန်နည်းလမ်းမှာ နိုင်ငံရေးတည်ငြိမ်မှုအပြင် အခြားမရှိကြောင်း၊ လက်ရှိ အနေအထား အရ ထွက်ပေါက်တစ်ခု ရရန်ခက်ကြောင်း ဘဏ်ရေးရာကျွမ်းကျင်ပညာရှင် ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းငွေနဲ့ မြန်မာငွေကို တွေ့ရစဉ်

၎င်းက “အခုအချိန်က ဆေးမရှိဘူး။ ဆေးရှိတယ်လို့ ပြောတဲ့လူတွေကလည်း ဒါကို ထမင်းစားကောင်းအောင် ပြောတာပေါ့။ ကျနော့်အမြင်ကလေ။ အခက်အခဲ အကျပ်အတည်းတွေက ဒါတွေက မဖြစ်ဘူးမဟုတ်ဘူး ဖြစ်တယ် ကမ္ဘာမှာ။ ဖြစ်ပေမယ့် ၂ ချက်လိုတယ်။ နံပါတ်တစ်အချက်က နည်းစနစ်လိုတယ်။ နံပါတ်နှစ်အချက်က ဒီဥစ္စာကို ဖြေရှင်းနိုင်တဲ့ နောက်ခံအင်အား ငွေကြေးလိုတာပေါ့။ ဒီ ၂ ခုစလုံးက ကျနော်တို့မှာ မရှိဘူးလေ။ တည့်တည့် ပြောရ ရင် နိုင်ငံခြားရန်ပုံငွေ လိုတာပေါ့။ သူများနိုင်ငံရဲ့ အကူအညီလိုတာပေါ့။ ငွေရေးကြေးရေး အရလည်း လိုတယ်၊ နည်းပညာအရလည်း လိုတယ်။ အဲဒီ ၂ ခုလုံး ကျနော်တို့မှာမရှိဘူး။ နည်းပညာကတော့ မရှိဘူးမဟုတ်ဘူး ရှိမှာ ပေါ့။ လက်ရှိအနေအထားအရ ဆရာ့အမြင်ကတော့ ထွက်ပေါက်ရဖို့ခက်တယ်” ဟု ပြောသည်။

နိုင်ငံရေးမတည်ငြိမ်သည့် နိုင်ငံတိုင်း ငွေတန်ဖိုး ကျဆင်းနေခြင်း မဟုတ်ကြောင်း၊ ရုရှားနှင့် ယူကရိန်းသည် နိုင်ငံနှင့်ချီသော ပဋိပက္ခဖြစ်သော်လည်း ယူကရိန်းသည် နိုင်ငံတကာ၏ ထောက်ပံ့မှုများရရှိခြင်းနှင့် ရုရှားသည် လည်း ဖွံ့ဖြိုးပြီး အင်အားကြီးသည့် နိုင်ငံဖြစ်သောကြောင့် ၎င်းတို့ ငွေကြေးများမှာ ပုံမှန်လည်ပတ်၍ရနေကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

နိုင်ငံရေးတည်ငြိမ်မှ ဖြေရှင်းနိုင်မည်ဆိုသည်မှာ ယေဘူယျအားဖြင့် မှန်ကန်သော်လည်း မြန်မာနိုင်ငံအတွက် နိုင်ငံခြားချေးငွေ လုံလောက်စွာ ရရှိမည်ဆိုပါက ကျပ်ငွေတန်ဖိုး ကျဆင်းမှုပြဿနာ ရပ်တန့်သွားနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

 အိန္ဒိယငွေ ရူပီးကို တွေ့ရစဉ်

၎င်းက “ကျနော်တို့နိုင်ငံကြတော့ သဘာဝသယံဇာတ အရင်းအမြစ်တွေ ပေါကြွယ်ဝတယ်ဆိုပေမယ့် sanction (အရေးယူပိတ်ဆို့မှု) တွေ ရှိနေတယ်။ ဒီ sanction တွေ အပြင် ကျနော်တို့မှာက နိုင်ငံခြားချေးငွေကလည်း အလုံအလောက် မရဘူးပေါ့။ အခုလိုမျိုး နိုင်ငံရေးပြဿနာတွေ ဖြစ်နေတဲ့အချိန်မှာ ကျနော်တို့အတွက် နိုင်ငံတကာ က တကယ်စိတ်ရင်း စေတနာမှန်မှန်နဲ့ ရှိမယ်ဆိုရင် sanction တွေ ရုတ်သိမ်းပြီးတော့ အစိုးရအတွက် ထွက်ပေါက် တစ်ခု လုပ်ပေးနိုင်မယ်ဆိုရင် ပြည်သူတွေအတွက်လည်း ချောင်လည်နိုင်မယ်။ ကျပ်ငွေကျဆင်းမှု ပြဿနာလည်း ရပ်တန့်သွားမယ်လို့ သုံးသပ်လို့ရပါတယ်” ဟု ပြောသည်။

လက်ရှိတွင် နစကအနေဖြင့် နိုင်ငံတည်ငြိမ်ရန် ရွေးကောက်ပွဲကျင်းပနိုင်ရေးကို ဖော်ဆောင်နေသော်လည်း ထို ရွေးကောက်ပွဲ ကျင်းပနိုင်မှုသည် အခက်အခဲစိန်ခေါ်မှုများစွာ ရှိကြောင်းလည်း နိုင်ငံရေးလေ့လာသုံးသပ်သူများ အကြား သုံးသပ်မှုများရှိသည်။

ထိုသို့ ရွေး‌ကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်နေချိန်ကြားထဲတွင် ကျပ်ငွေတန်ဖိုး ကျဆင်းမှုပြဿနာကို မည်သည့် အတိုင်းအတာအထိ ပြည်သူလူထုအနေဖြင့် ခံစားကြုံတွေ့ရမည်ကို မသိနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် ငွေကြေးကျွမ်းကျင်ပညာရှင်များက ထောက်ပြကြသည်။

လက်ရှိတွင် ကျပ်ငွေတန်ဖိုး ကျဆင်းမှုများကြောင့် နယ်စပ်ဒေသများတွင် ကျပ်ငွေအစား သက်ဆိုင်ရာ နယ်စပ် အလိုက် နိုင်ငံခြားငွေများကိုသာ ပြောင်းလဲလက်ခံ၍ အသုံးပြုလာနေကြကြောင်းလည်း သိရသည်။