CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၀

အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်များကို မေလ ၁ ရက်မှ စတင်ကာ UID(မှတ်ပုံတင် စမတ် ကဒ်)  စာရွက်ပါရှိမှသာ ထုတ်ပေးတော့မည်ဖြစ်၍ မိမိဒေသတွင် UID ကဒ်ပြုလုပ်ပြီး နယ်စပ်ဂိတ်မှ ထွက်ခွာပါက ပိုမိုလွယ်ကူနိုင်ကြောင်း ပရဟိတအသင်းအဖွဲ့များက CNI သတင်းဌာနသို့ ပြောသည်။

နယ်စပ် ဝင်/ထွက် ဂိတ်များသို့ TBP ၊ BP လက်မှတ် လျှောက်ထားသူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနှင့်အတူ UID စာရွက်ပါ ယူဆောင်လာကြရန်နှင့် မေလ ၁ ရက်မှစပြီး UID စာရွက်ပါမှသာ TBP ၊ BP လက်မှတ်များ ထုတ်ပေး၍ နယ်စပ်ဖြတ်သန်းခွင့် ပြုမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာနက ထုတ်ပြန်ထားသည်။

UID စာရွက်အား သက်ဆိုင်ရာမြို့နယ်များတွင် လုပ်ဆောင်နိုင်သော်လည်း နယ်စပ်ဒေသများတွင် လုပ်မည်ဆိုပါက ကြန့်ကြာမှုရှိနိုင်ကြောင်း၊ မိမိ‌ဒေသ၌ လုပ်ဆောင်ပြီးမှသာ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်များ လျှောက်ထားပါက ပို၍လွယ်ကူနိုင်ကြောင်း မူဆယ်မြို့ရှိ နှလုံးလှပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြော သည်။

 မြန်မာ လ.၀.က ကိုတွေ့ရစဉ်

၎င်းက “ကိုယ့်ရဲ့ မွေးရပ်မြေဇာတိကြတော့ လွယ်ကူတာပေါ့ အဲဒါလုပ်ရင်။ အဲဒီလို တစ်ခါတည်း လုပ်လာရင် ပိုလွယ်ကူတာပေါ့။ ဒီမှာရောက်ရင်တော့ နည်းနည်းတော့ ခက်ခဲမှာပေါ့။ ဒီမှာလုပ်မယ်ဆိုရင် နည်းနည်း ခက်ခဲ မယ်။ အဲဒီမှာ တစ်ခါတည်း လုပ်လာရင်တော့ ဒီဘက် ပိုလွယ်ကူတယ်။ ကြန့်ကြာနိုင်တာပေါ့။ ပျမ်းမျှ အဝင်၊ အထွက်ကတော့ တစ်ထောင် နီးပါးလောက်ရှိတယ်။ ကျနော်တို့လည်း အထဲထဲ ဝင်လိုက်ထွက်လိုက် လုပ်တာဆို တော့ ၂ ဂိတ်ပေါင်းပေါ့။ လက်ရှိမှာတော့ အထဲထဲရောက်ရင် ပြည်တော်ပြန်တွေ တအားများတယ်။ ရက်ကျော်တဲ့ ဟာတွေ ၇ ရက်ကဒ်တွေ ရက်ကျော်တဲ့ဟာတွေ ပြန်လွှတ်တယ်။ တစ်နေ့တစ်နေ့ ၁၀၀ နီးပါးတော့ လာလာလွှဲပေး တယ်။ express နဲ့ တစ်စီး၊ နှစ်စီး တစ်ခါတစ်လေ လာလာပို့သွားတာ” ဟု ပြောသည်။

အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သို့ နယ်စပ်ဂိတ်မှ ဝင်/ထွက်ခွင့် ပြုရာတွင် လူဦးရေစာရင်းဇယား တိကျစွာရရှိနိုင်ရေး ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အတုများနှင့် အသုံးမပြုသည့်ကတ်များအား အသုံးပြု၍ သွားလာခြင်းများ မပြုနိုင်ရေးတို့အတွက် UID လက်မှတ်ပါမှသာ TBP၊ BP လက်မှတ်များကို ထုတ်ပေးမည်ဖြစ်သည်။

လာမည့် မေလ ၁ ရက်နေ့မှစတင်ကာ UID စာရွက်ပါရှိမှ TBP, BP လက်မှတ် ထုတ်ပေးပြီး နယ်စပ်ဖြတ်သန်းခွင့် ပြုမှာဖြစ်သည့်အတွက် မေလမတိုင်ခင် ယခု ဧပြီလအတွင်း၌ နယ်စပ်ဖြတ်သန်းသွားလာမည့် နှုန်းထား ယခင် ထက် များပြားလာနိုင်ကြောင်းလည်း သုံးသပ်ကြသည်။ 

နယ်စပ်ကုန်သွယ်ရေးထွက်ပေါက်ကို မြန်မာတွေတန်းစီးစောင့်နေကြစဉ်

ထိုသို့ ပြုလုပ်လိုက်ခြင်းတွင် ပွဲစားများ၏ အခန်းကဏ္ဍမှာ ပါဝင်လာဦးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လုပ်တာကတော့ ကျနော်ထင်တယ် ကိုယ့်ဒေသမှာပဲ လုပ်တာက ပိုပြီးတော့ အဆင်ပြေမှာပေါ့။ တခြား နေရာကြတော့ ကိုယ်ကအဲဒီနေရာမှာ ဥပမာ မြဝတီဆိုရင် ဘယ်လိုသွားလုပ်မလဲ ဌာနဆိုင်ရာတစ်ခုမှ မရှိတော့ဘူး လေ။ ပွဲစားတွေကတော့ ဘယ်လို issue ပဲ ပေါ်လာပေါ်လာပေါ့နော်။ ဒီကနေ အကျိုးအမြတ် ထုတ်ဖို့အတွက်ပဲ အများစုက။ တချို့လည်း စေတနာနဲ့ အကျိုးဆောင်တဲ့ ပွဲစားတွေရှိမှာပါ။ မရှိဘူးမဟုတ်ဘူး။ ဒါပေမယ့် အများစုက အဲဒီလိုမျိုး မသိနားမလည်တဲ့ အလုပ်သမားတွေ၊ အလုပ်သမားဖြစ်လာမယ့် လူတွေဆီကနေ အကျိုးအမြတ် ထုတ်တာဆိုတော့ ဥပမာ လုပ်ပေးမယ်ဆိုပြီး ငွေကြေး အစရှိသဖြင့် ဒါမျိုးတွေ ယူတာ လိမ်တာမျိုးတွေ ဒါမျိုးတွေ ဖြစ်နိုင်တာပေါ့” ဟု ပြောသည်။

ထို့အပြင် နိုင်ငံကူးလက်မှတ် လာရောက် လျှောက်ထားရာတွင်လည်း ဧပြီ ၂၂ ရက်နေ့မှစ၍ UID နံပါတ် ထုတ်ပေး ထားကြောင်း အထောက်အထား လက်မှတ်များ ယူဆောင်လာမှသာ နိုင်ငံကူးလက်မှတ်များကို ထုတ်ပေးမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် အသက် ၁၀ နှစ် အထက်ရှိသူများအား electronic စနစ်ဖြင့် ကိုယ်ရေး အချက်အလက်များနှင့် ဇီဝ အချက်အလက်များ ကောက်ယူ မှတ်ပုံတင်ပြီး ဂဏန်း ၁၀ လုံးပါတဲ့ UID ကဒ် ထုတ်ပေးနေခြင်း ဖြစ်သည်။

အဆိုပါ အချက်အလက်များ မှတ်ပုံတင်ရာ၌  နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) နိုင်ငံတော်အစိုးရမှ တရားဝင် ထုတ်ပေးထားသည့် အထောက်အထား လက်မှတ်တစ်ခုခု ယူဆောင်လာရန် လိုအပ်ကြောင်းလည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ် မှတ်ပုံတင်စနစ် ဦးစီးဌာန၏ ထုတ်ပြန် ချက်တွင် ပါရှိသည်။