CNI News

၂၀၂၆ ခုနှစ်၊ ဧပြီ ၈

မြန်မာနိုင်ငံတွင် လဝက ဝန်ထမ်းများသည် အဂတိတရား ကျူးလွန်၍ နိုင်ငံသား မဟုတ်သူများကို နိုင်ငံသား စိစစ်ရေးကတ်(မှတ်ပုံတင်)များ ထုတ်ပေးခြင်းနှင့် နိုင်ငံသားများ မှတ်ပုံတင်ဆိုင်ရာ လုပ်ငန်းစဉ်များ လုပ်ဆောင် ရာမှာ လုပ်ငန်းကြန့်ကြာအောင် အချိန်ဆွဲကာ ငွေကြေး တောင်းခံခြင်းဖြင့် တိုင်းပြည်ကို ကိုယ်ကျိုးစီးပွားနှင့်မလဲ သင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။ 

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုနှင့် လက်နက်ကိုင် ပဋိပက္ခများ ပြင်းထန်နေချိန်မှာပဲ တရားဥပဒေ စိုးမိုးမှုအားနည်းလျက်ရှိသည်။

ထို့နောက် အိမ်နီးချင်းနိုင်ငံတချို့မှ နိုင်ငံခြားသားများသည် မြန်မာနိုင်ငံ၏ လဝက ဝန်ထမ်းများကို ငွေကြေးများ ပေး၍ နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)များ ရယူနေခြင်း၊ မှတ်ပုံတင် တစ်ခုထက်မက ထုတ်ပေးခြင်း၊ ယခင် မူလ မှတ်ပုံတင် နံပါတ်ကို တခြားဒေသမှ မှတ်ပုံတင် နံပါတ်အား ပြောင်းလဲပေးနေခြင်း၊ မှတ်ပုံတင် အသစ် လဲလှယ်မထားဘူးဟု အကြောင်းပြ၍ ခရီးသွားများထံမှ ငွေကြေးတောင်းခံခြင်းနှင့် ခရီးစဉ် ကြန့်ကြာအောင် လုပ် ဆောင်ခြင်း၊ သက်ပြည့် မှတ်ပုံတင်များ အသစ်ပြန်လည် လဲလှယ်ရာမှာလည်း ငွေကြေးများတောင်းခံနေခြင်း စသည့် ကိစ္စများ လုပ်ဆောင်နေသည်။

မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်က ဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်‌ခဲ့သည့် အကျင့်ပျက် လူဝင်မှု ကြီးကြပ်ရေးအရာရှိတချို့၏  ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်မှုများကြောင့် တိုင်းပြည်က အမွေးဆိုးကြီးကို ခံစား နေရကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လူဝင်မှုကြီးကြပ်ရေးကိစ္စတွေကလည်း ဒီခေတ်အဆက်ဆက် ပြဿနာတွေ အများကြီး ရှိခဲ့တယ်ပေါ့နော်၊ အခုဆိုရင် ပြဿနာ ဘယ်လောက် ကြီးနေပြီလဲဆိုရင် အန်တီတို့ နေရာတိုင်းလိုလိုမှာ ဗမာစကား မပြောတတ်တဲ့ ဗမာနိုင်ငံသား မှတ်ပုံတင်ကို ကိုင်ဆောင်ထားပြီးတော့ ဗမာစကား မပြောတတ်တဲ့ လူတွေ တော်တော်များများ အန်တီတို့ လေယာဉ်စီးရင်းနဲ့လည်း ကြုံရတယ်၊ ကားစီးရင်းနဲ့လည်း ကြုံရတယ်၊ ရထားစီးရင်းနဲ့လည်း ကြုံနေရ တယ်လေ။ ဒါပေမယ့် သူတို့မှာ ဗမာမှတ်ပုံတင်တော့ ရှိနေတယ်။ အဲဒီကိစ္စက အန်တီတို့ အလေးနက်ထား ဖြေရှင်း ရမယ့် ကိစ္စဖြစ်တယ်။ ဒီကိစ္စက ခေတ်အဆက်ဆက်က လူဝင်မှုကြီးကြပ်ရေး ဒေသအသီးသီးမှာ တာဝန်ထမ်း ဆောင်‌ခဲ့တဲ့ အကျင့်ပျက် လူဝင်မှုကြီးကြပ်ရေး အရာရှိတချို့ရဲ့  ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်မှုတွေကြောင့် အခု လိုမျိုး တိုင်းပြည်က ဒီအမွေဆိုးကြီးကို ခံစားနေရတာ ဖြစ်တယ်”ဟု ပြောသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားကို တွေ့ရစဉ်

ဥပမာအနေဖြင့် တရုတ်အစိုးရထံသို့ မြန်မာအစိုးရ ကျားဖြန့်ကိစ္စနှင့်ပတ်သက်ပြီး လွှဲပြောင်းပေးလိုက်ရသည့် ကိုးကန့်ခေါင်းဆောင် မိသားစုများသည် တရုတ်နိုင်ငံသားကတ်နှင့် မြန်မာနိုင်ငံသားကတ်များကို ကိုင်ဆောင်ထား သလို မြန်မာနိုင်ငံ၏ အစိုးရယန္တရားထဲတွင် အရာရှိအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် သမိုင်းလည်း ရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

အလားတူ ဘင်္ဂလားဒေ့ရှ် ဘက်ကနေ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် ဘင်္ဂါလီများနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင်ရှိနေသော ဘင်္ဂါလီတချို့သည်လည်း လဝက ဝန်ထမ်းများကို ငွေကြေးပေး၍ နိုင်ငံသားစိစစ် ရေးကတ်(မှတ်ပုံတင်)များ ရယူထားကြောင်း ရခိုင်နိုင်ငံရေးသမားများက ထောက်ပြသည်။

လူဝင်မှုကြီးကြပ်ရေးအရာရှိများအနေဖြင့် တိုင်းပြည်၏ သိက္ခာကို တစ်သက်တာ ရိက္ခာနှင့်မလဲကြရန် လိုကြောင်း၊ ထိုကိစ္စအပေါ်တွင် ယခုအစိုးရမှ စံပြအနေဖြင့် စိစစ်ကြပ်မတ်၍ ပြစ်ဒဏ်များချသင့်ကြောင်း ရန်ကုန်စောင့်ကြည့် အဖွဲ့တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒါကြောင့်မို့လို့ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေဟာ ကျင့်ဝတ်သိက္ခာကို စောင့်စည်းပြီးတော့ တိုင်းပြည် ကို ကိုယ့်ရဲ့ကိုယ်ကျိုးစီးပွားနဲ့ မလဲကြဖို့လိုတယ်ပေါ့နော်။ အဲဒီတော့ တိုင်းပြည်ရဲ့ သိက္ခာကို ကိုယ့်ရဲ့တစ်နပ်စာ၊ နှစ်နပ်စာ၊ တစ်သက်တာ ရိက္ခာနဲ့မလဲကြဖို့ပေါ့။  အကျင့်ပျက်တဲ့ လှုဝင်မှုကြီးကြပ်တဲ့ အရာရှိတွေလည်း ဖော်ထုတ် ပြီးတော့ အရေးယူဖို့က ဒီအစိုးရလက်ထက်မှာ အင်မတန် အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်။ စံပြအနေနဲ့လည်း ပြစ်ဒဏ်တွေ ချသင့်တယ်။ နိုင်ငံရေး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို သူတို့ရဲ့ ကျင့်ဝတ်သိက္ခာ စောင့် ထိန်းမှုနဲ့အညီ ကာကွယ်ကြမယ်၊ အချုပ်အခြာအာဏာကို ထိန်းသိမ်းကြမယ်လို့ မျှော်လင့်တယ်လေ။ အစိုးရသစ် အနေနဲ့က စနစ်တကျ မှန်မှန်ကန်ကန်ပေါ့၊ မြန်မြန်ဆန်ဆန် လုပ်ပေးဖို့ အရေးကြီးတယ်။ ဗမာစကား မပြောတတ် သော လူများစွာက နိုင်ငံသား မှတ်ပုံတင်ကို ကိုင်ဆောင်ခွင့် ရနေပြီးတော့ ခေတ်အဆက်ဆက် ဒီနိုင်ငံမှာ နေလာ ပြီးတော့ ဒီနိုင်ငံရဲ့ တိုင်းရင်းသားစစ်စစ် ဖြစ်ပါလျက်နဲ့ မှတ်ပုံတင် မရတဲ့ နိုင်ငံသားတွေလည်း အများကြီး တွေ့နေ ရတယ်။ အခြေခံလူအခွင့်အရေးတွေ ဆုံးရှုံးနေတာ၊ နိုင်ငံသား အခွင့်အရေးတွေ ဆုံးရှုံးနေတာ တွေ့ရတယ်။ ဒါကြောင့်မို့လို့ အောက်ခြေမှာ အထူးသဖြင့် မြို့နယ်အဆင့်တွေ၊ ခရိုင်အဆင့်တွေမှာ အကျင့်ပျက်ခြစားမှုတွေ နည်းနိုင်သမျှ နည်းအောင်လည်း သက်ဆိုင်ရာ လွှတ်တော်တွေက ထိန်းကျောင်းကြဖို့လိုတယ်လို့ အန်တီအကြံပေး ချင်တယ်”ဟု ပြောသည်။

လက်ရှိ လူဝင်မှုကြီးကြပ်ရေးတွင် ဥပဒေ စနစ်တကျရှိရေး၊ အဂတိလိုက်စားမှုများ ကင်းစင်ရေး၊ ယခု ဖြစ်ပျက်နေ သည့် ဥ‌ပဒေမဲ့ ဖြစ်ရပ်များကို ကိုင်တွယ်မည့် အရာရှိများနှင့်ဌာနများ၏ တည်ကြည် ဖြောင့်မတ်မှု၊ အဂတိ မလိုက် စားမှု၊ သန့်ရှင်းမှုများက အင်မတန် အရေးကြီးကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။ 

ထိုကြောင့် သက်ဆိုင်ရာ တိုင်းဒေသနှင့် ပြည်နယ်လွှတ်တော်များက သက်ဆိုင်ရာ ခရိုင်နှင့်မြို့နယ် အသီးသီးက လူဝင်မှုကြီးကြပ်ရေးဌာနများကို ထိန်းကျောင်းသွားသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်‌ဟောင်းများက ပြောသည်။

မှတ်ပုံတင်ပွားခြင်းက သာမန်တောသူတောင်သားနှင့် အရပ်သားများက မလုပ်ကြောင်း၊ အာဏာပိုင် အဖွဲ့အစည်း နှင့် ပတ်သက်ရာ ပတ်သက်ကြောင်းများသာ လုပ်လေ့ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်း က CNI သတင်းဌာနသို့ ပြောသည်။ 

လဝကဝန်ကြီး ဦးမြင့်ကြိုင်ကို တွေ့ရစဉ်

၎င်းက “အဲဒီမှတ်ပုံတင် ပွားတယ်ဆိုတဲ့ ဟာကလေ သာမန် တောသူတောင်သားက မပွားဘူး၊ သာမန် အရပ်သား က ပွားပြီးလုပ်တာ မဟုတ်ဘူး၊ အာဏာပိုင် အဖွဲ့အစည်းနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း လူတွေပဲ လုပ်ကြတာ သိလား၊ ဒီလိုလူတွေပဲ လုပ်နိုင်တာ။ ကျမတို့တောင် ဘယ်တော့မှ စိတ်ကူးမရှိဘူး၊ မှတ်ပုံတင်ပွားပြီးတော့ အလုပ် လုပ်ဖို့ဆိုတဲ့ဟာ။ ဒါပေမယ့် အဲဒီလို လုပ်တယ်ဆိုလို့ရှိရင် သူများနိုင်ငံတွေမှာလည်း ထိရောက်တဲ့ အရေးယူမှုတွေ ကလည်း ရှိတာပဲလေ။ ဒါပေမယ့် ကျမတို့ တိုင်းပြည်မှာကျ ဟိုအာဏာရှိရင် ရှိသလိုပါပဲ ထိရောက်တဲ့ အရေးယူမှု ဆိုတာက ပြန်မပြောနိုင်သောသူတွေ၊ အင်အားနည်းတဲ့ လူတွေအတွက်ကတော့ ဥပဒေဆိုတာ သက်‌ရောက်ပြီး တော့၊ အင်အားရှိတဲ့ လူတွေအတွက်ကျတော့ ဥပဒေ မသက်ရောက်ပါဘူး။ ဒီအစိုးရလက်ထက်မှာတော့ မူအသစ် တွေ၊ လူအသစ်တွေနဲ့ပဲ စနစ်အသစ်တွေနဲ့ပဲ လုပ်သင့်ပါတယ်လို့။ ကျမတို့ နိုင်ငံမှာဗျာ ဘယ်နေရာပဲဖြစ်ဖြစ် ခက်ခဲ နေတာ ဖြစ်တဲ့အတွက် ခက်ခဲနေရင် ပွဲစားဆိုတာရှိတာပဲ။ မခက်ခဲရင် ပွဲစားဆိုတာ မရှိဘူး။ အဲတော့ ခက်ခဲအောင် လုပ်လေ ပွဲစားဆိုတဲ့စနစ်က ပျောက်မှာမဟုတ်ဘူး။ ဒါကြောင့်မိုလို့ နေရာတိုင်း နေရာတိုင်း၊ ကဏ္ဍတိုင်း ကဏ္ဍ တိုင်းမှာ ပွဲစားမရှိအောင် ဆိုလို့ရှိရင် အားလုံး လွယ်ကူပြီးတော့ ပြည်သူလူထု တကယ်ကို လိုက်နိုင်တဲ့ ဥပဒေတွေ ချမှတ်ဖို့ သင့်တယ်၊ စည်းမျဉ်း၊ စည်းကမ်းတွေကို ချမှတ်ဖို့သင့်တယ်။ အရမ်းကို ကြပ်တည်းထားမယ်၊ ချုပ်တည်း ထားမယ်ဆိုရင် ပွဲစားဆိုတဲ့ကဏ္ဍ ဘယ်တော့မှ မပျောက်ဘူး။ ဒီ ၅ နှစ်လုံးလုံးမှာ နေရာတိုင်းမှာ ဖြစ်နေတာ၊ ကဏ္ဍ တိုင်းမှာ လုပ်ရတာတွေ အကုန်လုံးက တအားခက်ခဲတယ်ပေါ့နော်။ လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ဆိုတာ ဘယ်ကဏ္ဍမှာမှ မရှိဘူး”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ်မှုနှင့် လက်နက်ကိုင် ပဋိပက္ခများ ပြင်းထန်နေခြင်းကြောင့် ၅/၈/၁၃/ စသည့် နံပါတ် မျဉ်းစောင်းကိုင်ထားသည့် နိုင်ငံသားများသည် တခြားသောသူများထက် စစ်ဆေးခံရခြင်း၊ သွားလာ ခွင့် ကန့်သတ်ခံရခြင်း၊ တင်းကြပ်ခံရခြင်းများ ရင်ဆိုင်နေကြရသည်။

ထို့နောက် ၅/၈/၁၃/ ကိုင်ဆောင်ထားကြသူများက တခြားသော မှတ်ပုံတင်နံပါတ် မျဉ်းစောင်းများကို လဝက ဝန်ထမ်းများထံ သိန်းနှင့်ချီ ငွေကြေးပေး၍ မှတ်ပုံတင်အသစ်များ လုပ်ဆောင်လာခဲ့ကြသည်။ 

အလားတူ ပြည်ပနိုင်ငံသားများကိုလည်း ငွေကြေးတစ်စုံတစ်ရာ ရယူ၍ မှတ်ပုံတင်များ ထုတ်ပေးနေခြင်းကြောင့် မြန်မာနိုင်ငံသားဖြစ်သူ၏ မူလ မှတ်ပုံတင်နံပါတ်ဖြင့် ထပ်တူဖြစ်နေခြင်းများ ကြုံတွေ့ရမှုများလည်း ရှိနေသည်။

မြန်မာနိုင်ငံတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်)ကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအပေါ် အခြေခံ ၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) မှ ထုတ်ပေးပြီး အသက် ၁၀ နှစ်နှင့် ၁၈ နှစ် ပြည့်သူများသည် အိမ်ထောင်စုစာရင်း၊ မွေးစာရင်းတို့ဖြင့် သက်ဆိုင်ရာ လဝကရုံးများတွင် ကိုယ်တိုင်လျှောက် ထားရမည်ဖြစ်သည်။

နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) အတုပြုလုပ်ခြင်း၊ ကိုင်ဆောင်ခြင်းနှင့် မသမာသော နည်းလမ်းဖြင့် UID နံပါတ် လျှောက်ထားခြင်းများအတွက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့် တည်ဆဲဥပဒေများအရ ထောင်ဒဏ် (၆) လမှ အများဆုံး (၅) နှစ်အထိနှင့် ငွေဒဏ်များ ချမှတ်နိုင်သည်။