CNI International News

ရောမ၊ ဧပြီ ၈

အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲသည် အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုကဏ္ဍကို စိန်ခေါ်နေပြီဖြစ် ကြောင်း အီတလီကာကွယ်ရေးဝန်ကြီး ဂူဒို ခရိုဆက်တို (Guido Crosetto)က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

လက်ရှိ အခြေအနေမှာ နျူကလီးယား စစ်ပွဲအထိ ကူးစက်သွားနိုင်သည့် အခြေအနေအထိ အန္တရာယ်ရှိနေကြောင်း ၎င်းက ပြောသည်။

အီတလီနိုင်ငံသည် အီရန်အပေါ် တိုက်ခိုက်မှုများတွင် ပါဝင်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ တိုက်တွန်းချက်ကို လက်ခံရန် ဝန်လေးနေသည့် နေတိုးမဟာမိတ်နိုင်ငံများထဲ၌ ပါဝင်သည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း အရှေ့အလယ်ပိုင်းသို့ သွားမည့် အမေရိကန် စစ်လေယာဉ်များကို အီတလီနိုင်ငံ စစ္စလီ (Sicily) ကျွန်းရှိ စီဂိုနယ်လာ (Sigonella) လေတပ် အခြေစိုက်စခန်းတွင် ဆင်းသက်ခွင့် မပေးဘဲ အီတလီ အစိုးရက ငြင်းပယ်ခဲ့သည်။

အီတလီကာကွယ်ရေးဝန်ကြီး ဂူဒို ခရိုဆက်တိုကို တွေ့ရစဉ်

“ဒီစစ်ပွဲက အမေရိကန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှု ကဏ္ဍကိုလည်း အန္တရာယ် ဖြစ်စေပါတယ်”ဟု ခရိုဆက်တိုက ဧပြီ ၇ ရက်တွင် ထုတ်ဝေသည့် Corriere della Sera သတင်းစာနှင့် အင်တာဗျူး၌ ပြောကြားခဲ့ သည်။

အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ (Giorgia ⁠Meloni) ၏ ရင်းနှီးသော မဟာမိတ်ဖြစ်ပြီး သမ္မတ ထရမ့်နှင့် လည်း ဆက်ဆံရေး ကောင်းမွန်သည့် ခရိုဆက်တိုက ယခုပဋိပက္ခသည် ပိုမိုဆိုးရွားသော အခြေအနေသို့ ဦးတည် သွားမည်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၅ ခုနှစ်က ဂျပန်နိုင်ငံအပေါ် အမေရိကန်၏ နျူကလီးယား ဗုံးကြဲတိုက်ခိုက်မှု ဖြစ်ရပ် ကို ဥပမာအဖြစ် ကိုးကားပြီး ခရိုဆက်တိုက အီရန်စစ်ပွဲ၏ ပြင်းထန်လာနိုင်သည့် အန္တရာယ်အား သတိပေးခဲ့ခြင်း ဖြစ်သည်။

“စဉ်းစားကြည့်ပါ၊ ပဋိပက္ခတစ်ခုကို အဆုံးသတ်ဖို့အတွက် ဟီရိုရှီးမား (Hiroshima) နဲ့ နာဂါဆာကီ (Nagasaki) လို ဖြစ်ရပ်မျိုးဟာ လက်ခံနိုင်စရာ နည်းလမ်းတစ်ခု ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ကြတာဟာ ကျနော်တို့လို လူသားတွေပဲ ဖြစ်ပါတယ်။ စိတ်မကောင်းစရာကတော့ ကျနော်တို့ဆီမှာ နျူကလီးယား လက်နက်တွေ ရှိနေဆဲဖြစ်သလို၊ မရှိ သေးတဲ့ သူတွေကလည်း  ရယူပိုင်ဆိုင်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ ကျနော်တို့ ဘာသင်ခန်းစာမှ မရခဲ့ကြပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

Source: ရိုက်တာ