CNI International News
ဝါရှင်တန်၊ ဧပြီ ၈
၂၀၂၆ ခုနှစ်၊ ဧပြီ ၈ ရက်က အီရန်နှင့် အမေရိကန်ကြား သီတင်းနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့သည်။
ထို့နောက် အီရန်က ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ရန် သဘောတူခဲ့သဖြင့် ရေနံစျေးနှုန်းများ ပြန်လည်ကျဆင်းလာပြီး စတော့ရှယ်ယာစျေးကွက်များ ပြန်လည်ဦးမော့လာခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကလည်း အီရန်အပေါ် တိုက်ခိုက်မှုများကို သီတင်းနှစ်ပတ်ကြာ ဆိုင်းငံ့ထားရန် သဘောတူညီခဲ့ကြောင်း ရေရှည်ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ်အတွက် ဆောင်ရွက်နေပြီဟု ပြောကြားခဲ့သည်။
အီရန်နိုင်ငံကလည်း ၎င်းအပေါ် တိုက်ခိုက်မှုများ ရပ်တန့်မည်ဆိုပါက ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ရန်နှင့် အပစ်အခတ်ရပ်စဲရန် သဘောတူမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ထိုသတင်း ထွက်ပေါ်လာပြီးနောက် နာရီပိုင်းအတွင်းမှာပင် အမေရိကန် ရေနံစိမ်းကြိုပွိုင့်ဈေးကွက်သည် ၁၆ ဒသမ ၅ ရာခိုင်နှုန်းခန့် ထိုးဆင်းသွားပြီး ရေနံ တစ်စည်လျှင် ၉၄ ဒေါ်လာ သို့ ရောက်ရှိခဲ့သည်။
တစ်ချိန်တည်းမှာပင် S&P 500 ရှယ်ယာကြိုပွိုင့်ဈေးကွက်သည် ၂ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ပြီး ပဋိပက္ခဖြစ်နေချိန်အတွင်း ရင်းနှီးမြှုပ်နှံသူများ ဝယ်ယူစုဆောင်းခဲ့သည့် အမေရိကန်ဒေါ်လာတန်ဖိုးသည်လည်း ကျဆင်းသွားခဲ့သည်။
Source: Al Jazeera
